သတင်း

လျှပ်စစ်မီး ပုံမှန်ရရေး မန္တလေးတွင် ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် လူတထောင်ခန့်က တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် တရုတ်ကောင်စစ်ဝန်ရုံးရှေ့သို့ ယမန်နေ့ညက သွားရောက်ဆန္ဒပြကြသည်။

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသည့် မန္တလေးမြို့ခံများ (ဓာတ်ပုံ - သူရိန်)

ယမန်နေ့ည ၇ နာရီခန့်က ၇၈ လမ်းနှင့် မန္တလေးတောင်ခြေရှိ ဆီဒိုနားဟိုတယ်ရှေ့တို့တွင် စုရုံးကာ ဖယောင်းတိုင်များ ထွန်းညှိ ဆန္ဒပြခြင်းဖြစ်ပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့သို့လည်း သွားရောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည်ဟု မန္တလေးမြို့ခံများက ဆိုသည်။

မန္တလေးတိုင်း စက်မှုလက်မှုနှင့် လျှပ်စစ်ရေးရာဝန်ကြီး ဒေါက်တာ မြင့်ကြူ၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမြင့်တို့က မိုးရာသီရောက်မှသာ လျှပ်စစ်မီး ပုံမှန်ရရှိနိုင်မည်ဖြစ်ကြောင်း ဆန္ဒပြ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများကို ယမန်နေ့ညက ဖိတ်ခေါ်ကာ ရှင်းလင်းသည်ဟု မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။

“ပြည်သူတွေကို ကိုယ်ချင်းစာတယ်။ အခု မုတ်သုန်ဝင်နေပြီ၊ မကြာခင် မိုးရွာတော့မယ်။ အဲဒီအခါ မီးပုံမှန်ပေးနိုင်တော့မယ်။ မိုးရွာဖို့လည်း ဆုတောင်းပေးပါလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်မီး ပုံမှန်မပေးနိုင်ခြင်းမှာ နွေရာသီ၌ လျှပ်စစ်မီး အသုံးများခြင်း၊ ရေခမ်းခြောက်၍ လျှပ်စစ်မီး ထုတ်လုပ်မှု ကျဆင်းခြင်းအပြင် ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း လေးတိုင်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖောက်ခွဲပစ်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာမြင့်ကြူက ဆိုသည်ဟု အဆိုပါ သတင်းသမားက ဆက်ပြောသည်။

ဆန္ဒပြသူများကလည်း မန္တလေးမြို့ ပုံမှန်မီးမရခြင်းသည် တာဝါတိုင်များ မပျက်စီးခင်ကတည်းက ဖြစ်ကြောင်း၊ မြန်မာ့ စွမ်းအင် အရင်းအမြစ်များမှ ထုတ်လုပ်သည့် လျှပ်စစ်မီးကို တရုတ်နိုင်ငံသို့ ရောင်းချနေသော်လည်း မြန်မာပြည်သူများမှာမူ ခံစားခွင့်မရှိကြောင်း၊ နေပြည်တော်၌ လျှပ်စစ်မီးများ အလျှံပယ် အသုံးပြုနေပြီး မန္တလေးနန်းတွင်းရှိ စစ်တပ်မှာလည်း ပုံမှန်မီးရရှိနေကြောင်းတို့ကို ထောက်ပြကာ ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

လျှပ်စစ်ရေးရာဝန်ကြီး ဒေါက်တာ မြင့်ကြူက မန္တလေးမြို့ မီးပေးရန် မီးစက် ၁၀ လုံးမှာယူထားပြီး ဖြစ်ကြောင်း၊ ပြည်သူများ၏ ခံစားချက်များကို နားလည်ပါကြောင်း၊ တချို့ပြဿနာများကို  ပြည်ထောင်စုအဆင့်မှသာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

မန္တလေးမြို့၌ ယခုအခါ အလှည့်ကျ မီးပေးစနစ်ဖြင့် တနေ့လျှင် ၆ နာရီခန့်သာ ရရှိကြောင်း၊ ထို့ကြောင့် ရေအခက်အခဲ၊ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး အခက်အခဲများများ ရှိနေပြီး၊ ဖယောင်းတိုင်၊ ရေနံဆီမီးခွက်စသည်တို့ကို အစားထိုးသုံးစွဲရသည့်အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရပြီး မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလာကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်များတွင် တနေ့လျှင် ၃ နာရီခန့်သာ မီးလာကြောင်း သိရသည်။

ဆန္ဒပြသူတချို့သည် ည ၁၁ နာရီခန့်တွင် ၃၅ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးသို့ သွားရောက်ကာ တရုတ်ပြည်သူများ မီးမှန်ပါစေဟု အော်ဟစ်ဆုတောင်းမှုများ ပြုလုပ်ကြောင်း၊ သို့သော် ကောင်စစ်ဝန်ရုံး ပတ်လည်တွင် ရဲများနှင့် အတားအဆီးများ ချကာ ပိတ်ထားကြောင်း မန္တလေးမြို့ခံ လူငယ်တဦးကပြောသည်။

“လူထုက လျှပ်စစ်ရေးရာဝန်ကြီး ပြောတာကို မကျေနပ်ဘူး။ အဓိက မီးပုံမှန်ရဖို့ပဲ ဆန္ဒပြပွဲကို ဆက်လုပ်မယ်” ဟု ၎င်းကဆိုသည်။

နောက်ပိုင်းတွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြပွဲကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆက်လက် ပြုလုပ်လာနိုင်ကြောင်း အဆိုပါ လူငယ်က ပြောသည်။

လေ့လာသူများက အစိုးရသစ်လက်ထက် ဒီမိုကရေစီနည်းက ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို အသုံးချ၍ နောက်ပိုင်းတွင် လျှပ်စစ်မီး ရရှိရေးအတွက် နိုင်ငံတဝန်း ဆန္ဒပြမှုများ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။

အလားတူ ပြည်မြို့တွင်လည်း ယမန်နေ့က လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် သံချောင်းများခေါက်၍ လှုံဆော်မှုများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ညကလည်း ရန်ကုန်တိုင်း သုံးခွမြို့တွင် လူ ၁၀၀ ခန့် ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်ကာ ပုံမှန်လျှပ်စစ်မီးရရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြကြကြောင်း သိရသည်။

အစိုးရသစ်လက်ထက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ရာ အိမ်သုံးလျှပ်စစ်မီတာခ တယူနစ်လျှင် ၃၅ ကျပ်၊ လုပ်ငန်းသုံးမီတာခ တယူနစ်လျှင် ၇၅ ကျပ်နှုန်း သတ်မှတ်ကောက်ခံခဲ့သည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းကသာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ပုံမှန်ရရှိနေကြောင်း၊ ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအတွက် ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ရွေ့ပြောင်းမီးစက်ကြီး ၄ လုံးကို အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီထံမှ ငှားရမ်းထားကြောင်း ယခုလဆန်းပိုင်းအတွင်း မီဒီယာများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသည်။

ထို့အပြင် အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးတခုဖြစ်သည့် Wamar International ကုမ္ပဏီနှင့်လည်း လျှပ်စစ်မီးကြိုးများ၊ တာဝါတိုင်များ သွယ်တန်းရေးအတွက် ယခုတပတ်အတွင်း အစိုးရနှင့် ဆွေးနွေးကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

 

Loading