မြန်မာပြည်သို့ အလည်ပြန်လာသည့် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်း ကုမ္ပဏီ HTC (High Tech Computer Coporation)၏ အမှုဆောင် အရာရှိချုပ်(CEO) က မြန်မာ လူငယ်များ နည်းပညာဖွံဖြိုးရေးအတွက် စဉ့်ကူး အမည်ရှိ ဖောင်ဒေးရှင်း တခု မကြာမီ တည်ထောင် သွားမည်ဟု ပြောကြားလိုက်သည်။

ယင်းဖောင်ဒေးရှင်းကို ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေရှိ Myanmar Info-tech တွင် ဖွင့်လှစ်ကာ လူငယ်များကို နည်းပညာဖွံ့ဖြိုးရေးတွင် ကူညီ ဆောင်ရွက်သွားမည်ဟု မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ MICT Park ၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် အဆိုပါ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာ ချူး က ပြောကြားခြင်း ဖြစ်သည်။
စဉ့်ကူး ဖောင်ဒေးရှင်းသည် လူဦးရေ ကန့်သတ်ထားမည် မဟုတ်ကြောင်း၊ IT ပညာကို စိတ်ဝင်စား ကာ နည်းပညာကို တီထွင်လိုသည့် လူငယ်များနှင့် လူငယ်ပညာရှင်များ ပေါ်ထွက်လာစေရန် မျှော်လင့်ကြောင်း မစ္စတာ ပီတာ ချူး က ဖောင်ဒေးရှင်း ထူထောင်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။
“ကျနော်တို့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ဖို့ လုပ်ဆောင်နေတာ၊ ဒါပေမယ့် အသေးစိတ် အစီအစဉ်တော့ မချမှတ်ရသေးဘူး။မကြာမီ ဖွင့်ဖို့တော့ လုပ်ဆောင်နေပါပြီ။ သူတို့ကို ငွေကြေးထောက်ပံ့တာထက် အိုင်တီနဲ့ပတ်သက်ပြီး ပညာပေးဖို့ပါပဲ။ လူငယ်တွေက
အိုင်ဒီယာ ရှိပြီး နည်းပညာပိုင်းမှာ ဘာကိုချိတ်ဆက်ရမှန်း မသိဘူး၊ အဲ့ဒါကြောင့် သူတို့ကို ချိတ်တတ်လာအောင် သင်သွားပေးမှာ
ပါ”ဟု မစ္စတာ ပီတာ ချူး က ပြောသည်။
MICT Park ဆွေးနွေးပွဲသို့ အိုင်တီလူငယ် များပြားစွာ တက်ရောက်ခဲ့ပြီး ထိုလူငယ်များသည် IT နှင့်ပတ်သက်၍ စိတ်အားငယ် နေ သည်ကို တွေ့ရကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။
မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာကတည်းက မြန်မာလူငယ်များ လိုအပ်ချက်နှင့် မြန်မာပြည် လိုအပ်ချက်ကို ကြည့်၍ မြန်မာပြည် အတွက် ဘာမဆို လုပ်ဆောင်ပေးမည်ဟုလည်း ဆိုသည်။
“မြန်မာပြည်မှ လူငယ်များအတွက် ဖောင်ဒေးရှင်းတခု ဖန်တီးပေးခဲ့ပါတယ်။ ဒါကတော့ စဉ့်ကူဖောင်ဒေးရှင်းလို့ အမည်ရပြီး မြန်မာ လူငယ်တွေကို Innovation(ဆန်းသစ် တီထွင်တဲ့ ကဏ္ဍ) မှာ ပါဝင်လာနိုင်ဖို့ မြေတောင်မြှောက်ပေးပါမယ်။ ဒီအတွက် ကျနော် နဲ့ MCPA(မြန်မာနိုင်ငံ ပညာရှင်အသင်း)ဥက္ကဌ ကိုသောင်းတင်နဲ့အတူ တိုင်ပင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟုလည်း မစ္စတာ ပီတာ ချူးက ပြောကြားသွားသည်။
ယင်းပွဲကို တက်ရောက်လာသည့် အသက်၂၃နှစ်ခန့်ရှိ အိုင်တီ ဝါသနာရှင် လူငယ်တဦးက“မြန်မာပြည်က လူတယောက်ဖြစ်ပြီး
အဲ့ဒီလောက်တော်တော့ သူ့ကိုကြည့်ပြီး အားတက်တယ်ဗျာ။ သူ ဖောင်ဒေးရှင်းထောင်မယ် ဆိုတော့ ဘယ်လို ဖြစ်သွားမှန်းမသိ ပါဘူး။ ကျနော်တို့က အိုင်တီ စိတ်ဝင်စားမှုပဲရှိတယ်၊ ဘယ်လိုလုပ်ရမှန်း မသိဘူး။ သင်တန်းတွေကလည်း ဈေးကြီးတယ်။ မတက်နိုင် ဘူး။ မြန်မာပြည်မှာ အိုင်တီ စိတ်ဝင်စားတဲ့ လူငယ်တွေ တော်တော်များတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မစ္စတာ ပီတာ ချူး သည် မြန်မာနိုင်ငံ မန္တလေးမြို့တွင် မွေးဖွားကာ ကမ္ဘာကျော် အီလက်ထရွန်နစ် ကုမ္ပဏီ ဖြစ်သော HTC ၏ CEO တာဝန်ယူထားသူ ဖြစ်ပြီး မြန်မာအမည် ဦးဝင်းသန်း ဖြစ်သည်။ ၎င်းသည် မေလ ၁၄ ရက်က ဇာတိ မန္တလေးမြို့ကို ရောက်ရှိ၍ ကွန် ပျူတာ ပညာရှင်များအသင်းနှင့် လုပ်ငန်းရှင်များအသင်း ခန်းမ၌ ဒေသခံ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မန္တလေး သား တဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၁၉၅၃ ခုနှစ်ဖွား ဦးဝင်းသန်းသည် မန္တလေး ဒေသကောလိပ်၌ ပညာသင်ယူရင်း ဒုတိယနှစ်တွင် ကျောင်းထွက်၍ ထိုင်ဝမ် နိုင်ငံ သို့ ပြောင်းရွှေ့အခြေချခဲ့သည်။
ထို့နောက် ထိုင်ဝမ်ရှိ National Taiwan Ocean University သို့ တက်ရောက်ခဲ့ပြီး ၁၉၈၅ခု နှစ်တွင် Electronic Engineeringဘွဲ့ရရှိခဲ့သည်။
၁၉၉၇ ခုနှစ်တွင် HTC Coporationကို စတင် တည်ထောင်ခဲ့သည်။
အင်ဂျင်နီယာ ၁၀ ဦးနှင့် စတင်တည်ထောင်ခဲ့သည့် HTC သည် ကမ္ဘာ့အဆင့်မီ အီလက်ထရွန်နစ် ပစ္စည်းများကိုသာ ထုတ်လုပ် မည်ဟု ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ခဲ့ကြသည်။ HTC သည် နှစ်နှစ်အတွင်း အရှိန်အဟုန်နှင့် အောင်မြင်လာခဲ့သည်။
ပီတာ ချူးသည် ၂၀၀၃ ခုနှစ်တွင် ထိုင်ဝမ် National Chengchi University သို့ တက်ရောက်ခဲ့ပြီး MBA ဘွဲ့ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ် ၌ အမေရိကန်နိုင်ငံ Harvard Business School မှ Advanced Management Program သို့ တက်ရောက်ခဲ့သည်။
HTC သည် ကမ္ဘာ့ ပထမဆုံး Window စမတ်ဖုန်း ထုတ်လုပ်နိုင်သော ကုမ္ပဏီတခု ဖြစ်လာခဲ့ပြီး စမတ်ဖုန်း ဈေးကွက်၏ ထိပ်တန်း စာရင်းဝင်လည်း ဖြစ်ခဲ့သည်။ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အိုင်တီ ကုမ္ပဏီ ၁၀၀ တွင် HTC သည် နံပါတ် ၁၁ ဖြစ်ပြီး အာရှ၌ ထိပ်တန်း ၅ ခု စာရင်းဝင် ဖြစ်သည်။
ပီတာ ချူး သည်လည်း ကမ္ဘာ့အလွှမ်းမိုးဆုံး အိုင်တီ လုပ်ငန်းရှင်(CEO) ၅ ဦးစာရင်းတွင် ပါဝင်သူဖြစ်ကြောင်း သိရှိရသည်။