မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာကောင်းများ မြင်နေရချိန်တွင် ရန်ကုန်တက္ကသိုလ် နယ်မြေသည်လည်း မြို့တော်၏ အဓိက အကွက်အကွင်းဖြစ်လာ၍ ပြည်သူအကျိုးများရန် အသုံးပြုသင့်ကြောင်း၊ သမဂ္ဂအဆောက်အဦနှင့် သမဂ္ဂများ ပေါ်ပေါက်ရေး လိုအပ်ကြောင်း သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က ထုတ်ပြန်ခဲ့ရာ တက္ကသိုလ်ကျောင်းသားဟောင်းများနှင့် သမဂ္ဂ ပေါ်ထွန်းရေးလှုပ်ရှားသူများက ကြိုဆိုကြသည်။
“အလွန်တန်ဖိုးထားထိုက်တဲ့ တမျိုးသားလုံးရဲ့ ဥစ္စာပစ္စည်း ရန်ကုန်တက္ကသိုလ်ကို တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးများရအောင်၊ အစိုးရဝင်ငွေ ရရှိအောင် ထိထိရောက်ရောက် အသုံးပြုကြရမှာပါ” ဟု ဒေါက်တာ ဦးမြင့်၏ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ ဆက်တိုက်ဝင်ရောက်လာပြီး ရန်ကုန်နှင့် မြို့ကြီးများတွင် မြေယာဈေးများ ထိုးတက်လာနေကြောင်း၊ ရန်ကုန်တက္ကသိုလ် နယ်မြေသည်လည်း မြို့တော်အတွင်း အရေးပါပုံနှင့် တက္ကသိုလ် ပြန်လည် အသက်ဝင်ရေး လုပ်ဆောင်ရန်လိုကြောင်း ဒေါက်တာ ဦးမြင့်က ဆိုသည်။
သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသက “ရန်ကုန် တက္ကသိုလ်ကြီးကို တန်ဖိုးထားရကောင်းမှန်း မသိသူတွေက ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် လုံးဝတော့ မပျက်စီးသွားသေးပါဘူး။ ပြန်လည်တည်ဆောက်ရင် ရနိုင်သေးတယ်လို့ ယူဆပါတယ်။ လောလောဆယ် ကြောက်ဖို့ ကောင်းတာက နိုင်ငံခြားစီးပွားရေး လက်ဝါးကြီးအုပ်သမားတွေက ပြည်တွင်း သစ္စာဖောက်တွေနဲ့ ပေါင်းပြီး ရန်ကုန်တက္ကသိုလ်လို နေရာမျိုးကိုပါ မျက်စောင်းထိုး၊ မျက်စိကျလာရင် ဘယ်လို လုပ်ကြမလဲ” ဟု ပြောသည် ။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရန် အကူးအပြောင်းကာလတွင် ပြဿနာအများဆုံသည် မြေယာ သိမ်းဆည်းမှုများဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကဲ့သို့သော အမျိုးသားရေး၊ နိုင်ငံရေး၊ ပညာရေး အမွေအနှစ်နေရာမျိုးကို ထိပါးမည့် အန္တရာယ် ကြုံနေချိန်တွင် ဒေါက်တာ ဦးမြင့်၏ ထုတ်ဖော်ပြောဆိုချက် ပေါ်ထွက်လာရာ တမျိုးသားလုံးက ဧရာဝတီမြစ်ကြီးကဲ့သို့ပင် ထိမ်းသိမ်းကာကွယ်ရန်လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောသည်။
“တမျိုးသားလုံး ရဲ့ တန်ဖိုးနဲ့ယှဉ်တဲ့ ရန်ကုန်တက္ကသိုလ် ဂုဏ်တင့်တယ်ရေးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေး၊ ကျောင်သားသမဂ္ဂ ဖွဲ့စည်းရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို မျိုးစေ့ ပြန်ချပေးမယ့် အမျိုးသားရေး ဆောင်ရွက်မှုလို့မြင်တယ်” ဟု ကိုကိုကြီးက ဆိုသည်။
ဒေါက်တာ ဦးမြင့်က “တက္ကသိုလ်ရဲ့ သမိုင်းဦးကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ အကောင်းဆုံး အကြီးကျယ်ဆုံး တက္ကသိုလ်တွေထဲက တက္ကသိုလ်တခု ဖြစ်ခဲ့ပါတယ်။ ဒါကို သတိရကြရမှာပါ။ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုဟာ ဒီနေရာက စခဲ့တယ်ဆိုတာကိုလည်း သတိရကြမှာပါ” ဟု ပေးစာတွင် ဖော်ပြထားသည်။
၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးလှရွှေက သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ရေးနှင့် ရန်ကုန် တက္ကသိုလ်၏ ဂုဏ်သိက္ခာ ပြန်လည်မြင့်မားရေး ဒေါက်တာ ဦးမြင့်၏ အကြံပြုချက်ကို ကြိုဆိုလိုက်ပြီး သမဂ္ဂ အဆောက်အအုံသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု၊ လွပ်လပ်ရေးကြိုးပမ်းမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာ အဆောက်အအုံဖြစ်ကြောင်း ဧရာဝတီကိုပြောသည်။
“ရန်ကုန်တက္ကသိုလ်ဆိုတာ မြန်မာ့နိုင်ငံရေး ပထမမျိုးဆက်တွေရဲ့မွေးဖွားတဲ့နေရာဖြစ်တယ်။ ဒါက ရွှေတိဂုံတို့လို၊ ပုဂံက စေတီပုထိုးတွေလို သမိုင်းအထင်ကရ ဖြစ်တယ်။ ဒီအထဲမှာ သမဂ္ဂအဆောက်အအုံဆိုတာ အဲဒီသမိုင်းတွေထဲက အဓိကကျတဲ့ အခန်းကဏ္ဍမှာပါတယ်” ဟု ဦးလှရွှေက ဆိုသည်။
ဒေါက်တာ ဦးမြင့်က အိတ်ဖွင့် ပေးစာ အပိုဒ် ၆ တွင် “စပြောမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်ကြည့်နိုင်မယ် ထင်ပါတယ်။ ဧရာဝတီလိုပါပဲ၊ ရန်ကုန်တက္ကသိုလ်ကို မြန်မာပြည်သူ တရပ်လုံးက ပိုင်ဆိုင်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အမျိုးသား အမွေအနှစ်ပါ။ အနာဂတ်မျိုးဆက်တွေအတွက် ရန်ကုန်တက္ကသိုလ်ကို ထိန်သိမ်းရပါမယ်” ဟု ဖော်ပြထားသည်။
ဒေါက်တာ ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင် ရန်ကုန်တက္ကသိုလ် ကျောင်သားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ရေး အပါအဝင် ယခင် ကျောင်းသားသမဂ္ဂ အဆောက်အအုံအကြောင်း အချက်အလက်များကိုပါ ထည့်သွင်းဖော်ပြထားပြီး ကျောင်းသား သမဂ္ဂဆိုသည်မှာ နိုင်ငံတကာ တက္ကသိုလ် ကောလိပ်များတွင်လည်း တည်ရှိကြောင်း၊ သမိုင်းတန်ဖိုး ကြီးမားသည့်အတွက် ပြည်သူလူထု အကူအညီဖြင့် ပြန်လည်တည်ဆောက်ရန်လည်း အဆိုပြုကြောင်း ဖော်ပြထားသည်။
ဆရာမောင်ဝံသက သမဂ္ဂအဆောက်အအုံ မိုင်းခွဲဖြိုချ ဖျက်ဆီးခံရသည်မှာ လာမည့် ဇူလိုင်လ ၇ ရက်နေ့တွင် နှစ် ၅၀ ပြည့်တော့မည်ဖြစ်ကြောင်းလည်း ပြောသည်။
ဒေါက်တာ ဦးမြင့်က ပေးစာထဲတွင် “အာရှမှာ အကောင်းဆုံး အကြီးကျယ်ဆုံး တက္ကသိုလ်တွေထဲက တခုဖြစ်ခဲ့တဲ့ သမိုင်းဦးကာလက ရန်ကုန် တက္ကသိုလ်က ဘယ်လို တက္ကသိုလ်မျိုးဖြစ်တယ်ဆိုတာကို ပြောဆိုရေးသား တင်ပြပေးကြရန်၊ လက်ရှိ ရန်ကုန် တက္ကသိုလ်က ဘယ်လို၊ ဘာဖြစ်နေတယ်ဆိုတာကိုလည်း ပြောဆိုရေးသား တင်ပြကြရန်နှင့် ရန်ကုန်တက္ကသိုလ် အရင်ကအတိုင်း ဂုဏ်သိက္ခာ ပြန်ရှိရေးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်း စီမံကိန်းတရပ်ကို ရေးဆွဲ အကောင်အထည်ဖော်ဖို့ အကြံပြု တင်ပြကြရန်” နှိုးဆော်ထားသည်။
မန္တလေးတက္ကသိုလ် ရူပဗေဒ ပါမောက္ခဟောင်း၊ တပ်မတော် အင်ဂျင်နီယာတက္ကသိုလ် အကြံပေးပုဂ္ဂိုလ်ဟောင်း ဆရာ ဦးလှမြင့်က ကောင်းမွန်သည့်လမ်းကို သွားနေသည်ဟု ထင်မြင်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာရှိခဲ့ခြင်းသည် နိုင်ငံရေးစနစ်များစွာ ပွင့်လင်းခဲ့၍ဖြစ်ကြောင်း၊ အဆိုပါအခြေအနေ ပြန်လည်ရရှိရေးသည် ပညာရေးစနစ်တခုလုံး မြင့်မားရန်လိုကြောင်း၊ သမဂ္ဂများ ပေါ်ပေါက်ရန်လိုကြောင်း၊ ကျောင်းသားနှင့် ဆရာ၊ ဆရာမများနှင့်တကွ ပညာရှင်များကို လေးစားစွာ ဆက်ဆံရန်လိုပြီး အရာရာ လုံခြုံရေးမျက်စိဖြင့် မလုပ်သင့်ကြောင်း ဧရာဝတီကို ပြောသည်။
“ပညာရေးစနစ် အဆင့်အတန်းမြင့်ဖို့ Autonomy (တက္ကသိုလ်ကောလိပ်တွေက သီးခြား လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း) ဖြစ်ဖို့ Decentralize (ဗဟိုချုပ်ကိုင်သည့် ပညာရေးစနစ်ကို ပယ်ဖျက်ခြင်း) လုပ်ဖို့လိုမယ်” ဟု သူက ထောက်ပြသည်။
ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရန်ကုန်နှင့်တကွ မြို့စွန်များတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းများ ထားခြင်းသည် အခက်အခဲများစွာကို ဖြစ်စေကြောင်း သူက ဆက်ပြောသည်။
ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ ခေါင်းဆောင်တဦးဖြစ်သူ ကိုဒီငြိမ်းလင်းက ဒေါက်တာ ဦးမြင့်၏ စာတမ်းကို ကြိုဆိုကြောင်း၊ လက်တွေ့ အကောင်အထည်ဖော်ရေးတွင် သမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းသူ ကျောင်းသားများကို သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များရှိ တာဝန်ရှိသူများက ကန့်သတ်နေကြောင်း၊ မြန်မာနိုင်ငံတွင် အေးချမ်းစွာ ပညာသင် ကြားရေး စနစ်နှင့် အာမခံချက်ရှိသည့် ပညာရေးစနစ်လိုအပ်ကြောင်း ပြောသည်။
“ကျောင်းသားသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းတောင်မှ ကျနော်တို့မှာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရှိသေးဘူး။ ဒါကို အရင်ပေး သင့်တယ်။ အကျဉ်းထောင်တွေက ပြန်လွတ်လာတဲ့ ကျောင်းသားတွေကို ကျောင်းဆက်တက်ခွင့်လည်း နေ့ကျောင်းသား အဖြစ်မပေးဘူး။ အဝေးသင်ပဲ တက်ခွင့်ရတယ်။ သမဂ္ဂဖွဲ့စည်းခွင့်ကိုလည်း မပေးထားသေးဘူး။ ဒါတွေကို အရင်ဆုံးချပေးသင့်တယ်။ ဒါတွေချပေးပြီးမှ သမဂ္ဂအဆောက်အအုံ ဆောက်ဖို့ပြောရမှာ။ ဒါမှလည်း အစဉ်အလာရှိတဲ့ သမဂ္ဂ အဆောက်အဦဆိုတာ ပြန်ပေါ်လာမှာ” ဟု သူက ဆိုသည်။
ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီတာဝန်ခံ တဦးဖြစ်သူ ကိုရဲရင့်ကျော်ကလည်း ယခင်က ကျောင်းသားသမဂ္ဂ စကားလုံးသည် တရားမဝင်သကဲ့သို့ ဖြစ်ခဲ့ကြောင်း၊ ယခုကဲ့သို့ သမဂ္ဂကိစ္စနှင့် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာတို့အပေါ် သမ္မတအနီးရှိ ပုဂ္ဂိုလ်တဦးက အလေးအနက်ထား ထုတ်ဖော်ပြောဆိုမှုသည် သမဂ္ဂများ ပေါ်ပေါက်ရေး ကြိုးစားသူများအတွက် မျှော်လင့်ချက်ကောင်းတခုဖြစ်ကြောင်း၊ ပညာရေးစနစ်တခုလုံး မြင့်မားလာရေး မူလတန်းမှ တက္ကသိုလ်အထိ သင်ရိုးညွှန်းတမ်းမှ အစပြု၍ ပြုပြင်ရန်လိုပြီး ပညာရေးဝန်ထမ်းများ၏ အကျင့်ဆိုးများလည်း ပြုပြင်ရန်လိုကြောင်း ပြောသည်။
“ကျောင်းသားတွေအတွက် ကျက်ဖြေ စာမေးပွဲ စနစ်က စပြီးပြုပြင်ရပါမယ်။ ဒါတွေ မပြုပြင်ဘဲနဲ့တော့ အဆင့်မြင့် တက္ကသိုလ်ဆိုတာတွေ ဖြစ်လာမှာလည်း မဟုတ်ဘူး” ဟု သူက ဆိုသည်။