ရန်ကုန်တိုင်း လှှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ၅ ရုံ မှ အလုပ်သမား ၅၀၀၀ ဝန်းကျင်သည် မိမိတို့ရပိုင် ခွင့်များရရှိရေးအတွက် ယနေ့ နံက်ပိုင်းက ဆန္ဒပြကြရာ စက်ရုံ လုံခြုံရေး ဝန်ထမ်းများ ၏ ရိုက်နှက်မှုကြောင့် အလုပ်သမားတချို့ထိခိုက် ဒဏ်ရာရသွား ကြောင်း သိရသည်။
ပုလဲ၊ ဝိုင်ဂျေ၊ ဟိုင်းအပ်၊ စပယ်ပွင့်၊ နေမင်းအောင် စသည့် စက်ရုံ ၅ ရုံမှ အလုပ်သမားများသည် ၎င်းတို့တောင်းဆိုသည့် လုပ် အားခ မရသေး၍ ဆက်လက် ဆန္ဒပြကြရာ ပုလဲ စက်ရုံမှ ပိုင်ရှင်နှင့်အတူ ပါလာသော လုံခြုံရေး ဝန်ထမ်းများသည် ကားပေါ် ၌ အသင့်ပါလာသော သံတုတ်၊ သံဂွ၊ တူ စသည်တို့ဖြင့် ရိုက်နှက် လူစုခွဲရာမှ တချို့ ဒဏ်ရာရရှိသွားပြီး တချို့မှာ စက်ရုံ ဝင်းထဲ၌ ထိန်းသိမ်း ခံထားရကြောင်း အလုပ်သမား ခေါင်းဆောင်တချို့က ဧရာဝတီ ကို ပြောသည်။

“ပုလဲ စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လုံခြုံရေးတွေက ရိုက်တာတွေ၊ ကားပေါ် အတင်းဆွဲ တင်တာတွေ လုပ် ရာက တဆင့် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ကြတယ်၊ တချို့ဒဏ်ရာ ရသွားကြတယ်၊ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး”ဟု အလုပ်သမား အရေး ကူညီ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က ပြောသည်။
အစိုးရ ဝန်ထမ်းများအား ၎င်းတို့၏ လစာအပြင် ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ ကို ဧပြီလ မှ စတင်၍ ခံစားခွင့်ပေးကြောင်း တရား ဝင် ကြေညာခဲ့ပြီးနောက် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများသည်လည်း ၎င်းတို့ ၏ လစာငွေ အပြင် ထောက်ပ့ံ့ငွေ ကျပ် ၃၀၀၀၀ ရရှိရေးနှင့် အလုပ်သမားရပိုင်ခွင့် ဆန္ဒပြ တောင်းဆိုမှုများကို ဆက်တိုက် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မမေသူဝင်းက“ဆန္ဒပြတောင်းဆိုနေကြတဲ့ ကျပ် ၃ သောင်းကို ပေးမယ်လို့ စက်ရုံ တာဝန်ခံတွေက ညွှန်ချုပ် ရှေ့မှာ လက်မှတ်ရေးထိုးပြီးပြီ၊ ညွှန်ချုပ် ပြန်သွားတော့ စာချုပ်က တရားမဝင်ဘူး၊ မပေးနိုင်ဘူး ပြော လို့ ဆန္ဒဆက်ပြနေကြတာပါ၊ မရမချင်း တောင်းဆိုသွားမှာပါ”ဟု ဧရာဝတီ ကို ပြောသည်။
အထက်ပါ စက်ရုံ ၅ ရုံ အပြင် ၎င်းတို့ အနီးရှိ ပလတ်စတစ် စက်ရုံ တခုမှ အလုပ်သမား ၁၀၀ ဝန်းကျင်ကလည်း ယနေ့ ဆန္ဒပြ ခဲ့ကြကြောင်း၊ ဆန္ဒပြမှုသည် စက်ရုံ တခုမှ တခုသို့ ကူးစက်ပြန့်ပွားလာနေပြီး ပိုမိုကြီးထွားလာနိုင်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသင့်ကြောင်း ဦးဌေး က ပြောသည်။
၎င်းက“အခြေခံလစာ သတ်မှတ်ပေးတဲ့ ဥပဒေတခု အမြန်ဆုံးပေါ်ပေါက်လာဖို့ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ကို လက်မှတ် ထိုးတောင်းဆိုဖို့အတွက် လှှုပ်ရှားမှုတခု စတင်နေပါပြီ”ဟု ဆိုသည်။
နိုင်ငံတော် သမ္မတနှင့် လွှတ်တော်သို့ လက်မှတ်ရေး ထိုးတောင်းဆိုမည့် အချက်များ၌ အလုပ်သမားများအတွက် လုပ်ခ လစာ ၊ ထောက်ပံ့ကြေး ကျပ် ၃ သောင်း အပြင် ရပိုင်ခွင့်များ၊ ဆုကြေးများ အပြည့်အ၀ ရရှိရေး၊ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုအား အမြန်ဆုံးဖြေရှင်းပေးရေး စသည်များ ပါဝင်သည်။
ပြည်ထောင်စု လွှတ်တော်မှ ဥပဒေ ပြဌာန်းပေးရေးနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် အလုပ်သမားများ၏ ထိခိုက်နစ်နာမှုများ အပေါ် တာဝန်ယူပေးရေး စသည့် အချက် လေးချက်ကို တောင်းဆိုသွားမည်ဟု ရှေ့နေ ဦးဌေးက ရှင်းပြ သည်။
“ညွှန်ချုပ်နဲ့ ဌာန အရာရှိတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကလာဖြေရှင်းပေးပေမယ့် တရားဝင် ဥပဒေ ပြဌာန်း မထားတော့ သူတို့လည်း ဘာမှ မတတ်နိုင်ဘူးလို့ ဆိုကြတယ်၊ ပိုင်ရှင်တွေကလည်းပဲ ဥပဒေ မရှိတဲ့အတွက် မပေးနိုင်ဘူးဆိုပြီး အခြေအနေ တွေ တင်းမာနေကြတာပါ”ဟု ၎င်းက ဆိုသည်။
လှှိုင်သာယာစက်မှုဇုန်များ၌ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ တချို့သော စက်ရုံများသည် အလုပ်သမားများ တောင်း ဆိုသည့် ထောက်ပံ့ငွေ ကျပ် ၃ သောင်း ပေးကြောင်း၊ အထက်ပါ စက်ရုံ ၅ ရုံကသာ မပေးဘဲ ခြိမ်းခြေက်မှုအမျိုးမျိုးလုပ်ဆောင် နေကြောင်း၊ စက်ရုံများ၌ ရေ၊ မီးများ ဖြတ်တောက်ထား၍ စက်ရုံဝင်းထဲနေထိုင်သူ အလုပ်သမားများမှာ အခက်အခဲများနှင့် ကြုံနေရကြောင်း ဟိုင်မို အထည်ချုပ် စက်ရုံ မှ အလုပ်သမားတဦး က ပြောသည်။
၎င်းက“ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတော့ စက်ရုံ တာဝန်ခံတွေ အကုန်ထွက်ပြေးနေကြတယ်၊ ရေ၊ မီးတွေ ဖြတ်ထားတယ်၊ စက်ရုံဝင်းထဲ နေတဲ့ မိန်းကလေးတွေကပဲ လုံခြုံရေး တာဝန်တွေ အလှည့်ကျ ယူနေကြရတယ်”ဟု ပြောသည်။
ယနေ့ ဆန္ဒပြပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ လာရောက်ခြင်း မရှိကြောင်း၊ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ ကျောင်း သားအဖွဲ့ တချို့ လာရောက် အားပေးခဲ့ကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။
ယခုနှစ်ဆန်းမှ စတင်၍ လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပွားခဲ့သည်။
အလုပ်သမားများ ဆန္ဒပြမှုသည် လှှိုင်သာယာအပြင် မှော်ဘီမြို့နယ်ရှိ Yangon Crow သံမဏိစက်ရုံမှ အလုပ်သမား ၅၀၀ ဝန်း ကျင်သည်လည်း လုပ်အားခ တိုးပေးရေး နှင့်အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရ သည်။
လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ တရားဝင် အလုပ်ပိတ်ရက် သတ်မှတ်ပေးရေး၊ အလုပ်သမားများထံမှ သိမ်းယူထားသည့် နိုင်ငံသား စိစစ်ရေး ကတ်များ ပြန်ပေးရေး စသည့် အချက် ၁၃ ချက်ကို တောင်းဆိုကြကြောင်း ဆန္ဒပြပွဲ၌ ပါဝင်သူတဦး က
ဧရာဝတီ ကို ပြောသည်။
စက်ရုံ၏ တာဝန်ခံ တချို့သည် တရုတ်နိုင်ငံသားများ ဖြစ်၍ အလုပ်သမားများနှင့် ဆက်ဆံရာတွင် ပြေလည်မှုမရှိခြင်းတို့အား
ဆောင်ရွက်ပေးရေး၊ တန်းတူ အခွင့်အရေးရရှိရေး စသည့် အချက်တို့ကိုလည်း ရန်ကုန်အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တိုင်ကြား တောင်းဆိုသွားမည်ဟု ၎င်းက ဆက်ပြောသည်။
မှော်ဘီမြို့နယ်ရှိ Myanmar Golden Star(MGS) အချိုရည်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်ကလည်း လုပ်အားခ ကျပ် ၃၀၀၀၀ တိုးမြှင့် ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုမှု တခုကို ယခုလဆန်းပိုင်းတွင် လုပ်ဆောင်ခဲ့ကြသည်။