အစိုးရနှင့် မကြာသေးမီက အပစ်အခတ်ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့သော ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) အဖွဲ့အနေဖြင့် ရှမ်း ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေးတို့ကို စဉ်းစားပေးရန် လိုကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) က တိုက်တွန်းလိုက်သည်။
ယင်း အပစ်ရပ် တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုလိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသော ရှမ်းဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးတို့ကိုလည်း ဆောင်ရွက်သင့်ကြောင်း SWAN အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ယိင်းဟာန်ဖက ဧရာဝတီသို့ ပြောသည်။
“ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်(RCSS/SSA) လက်အောက်မှာရှိတဲ့ ပြည်သူတွေ တခုပဲမဟုတ်ဘူးပေါ့နော်။
အတင်းအဓမ္မ ရွှေ့ပြောင်းခံရတဲ့လူတွေ၊ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ၊ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်။ အဲဒီလူတွေအတွက်ကို စဉ်းစားပေးဖို့ လိုအပ်တယ်” ဟု ယိင်းဟာန်ဖ က ဆိုသည်။
SWAN အသင်းသည် ထိုင်းနိုင်ငံနှင့် ရှမ်းပြည်တွင်း လှုပ်ရှားဆောင်ရွက်နေသော ရှမ်းအမျိုးသမီးများ ကွန်ရက်အဖွဲ့အစည်း ဖြစ်သည်။
ယင်းအဖွဲ့က အမျိုးသမီးအခွင့်အရေးနှင့် ကလေးများအခွင့်အရေးကို မြှင့်တင်ပေးရေး၊ အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စွမ်းရည်မြင့်တင်ပေးရေး၊ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပေးခြင်းတို့ကို ဆောင်ရွက်နေသည်။
ယခုလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA-S မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA-S အဖွဲ့အား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူလူထုများ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ အပါအဝင် ၁၂ ချက်ကို သဘောတူခဲ့ကြောင်း SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ SSA-S ဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်း သဘောတူညီချက်များကိုလည်း လက်တွေ့ အကောင်အထည် ဖော်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။
“ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ SSA အနေနဲ့ တောင်းဆိုတင်ပြထားတဲ့ အချက်အလက်တွေကို လိုက်လျောသင့် သလောက် လိုက်လျောပေးတဲ့ အနေအထားမျိုးကို တွေ့ရှိရတယ်။ ဒီလိုမျိုး ကိစ္စရပ်တွေမှာ ကောင်းတဲ့ နိမိတ်လက္ခဏာပဲလို့ မြင်တယ်” ဟု စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
မူးယစ်ဆေးဝါး ပူးတွဲ နှိမ်နင်းရေးကိစ္စနှင့် သက်ဆိုင်သော အကြောင်းအရာများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီမှ သမ္မတ ဦးသိန်းစိန်သို့ တင်ပြ၍ ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို မေလ ၃ ရက်နေ့က အထူးညွှန်ကြားချက်ဖြင့် အစိုးရက အသစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ဗဟိုကော်မတီအနေနှင့် မူဝါဒများချမှတ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံရပ်ခြား အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ရန်ပုံငွေ ထူထောင်သုံးစွဲခြင်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းမည် ဖြစ်ကြောင်း သိရှိရသည်။
အစိုးရနှင့် SSA-S တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။