မန္တလေးတိုင်း ရဲသတင်းအထူးတပ်ဖွဲ့ (SB) က ၂၄ နာရီ မီးရရှိရေး လှုပ်ရှားခဲ့သူ ၄၀ ဦးခန့်ကို ယနေ့ နံနက်က ခေါ်ယူ စစ်ဆေး၍ ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီက သတင်းရရှိသည်။
လွတ်မြောက်လာသူတဦးဖြစ်သည့် ဆရာညီပုလေးက “အနှစ်ချုပ်ကတော့ ဒီလှုပ်ရှားမှုနောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဆိုတာကို မေးတာပါ၊ ဒီလူတွေကို လျှပ်စစ်မီးပျက်တဲ့အကြောင်း ဝန်ကြီးက အသေးစိတ်ရှင်းပြချင်လို့ပါလို့ ဆိုတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် လျှပ်စစ်မီးပုံမှန်ရှိရေး လှုပ်ရှားမှုအတွင်း ဆရာညီပုလေးမှာ ဓာတ်ပုံရိုက်ခြင်းကိုသာ ပြုလုပ်ခဲ့သူဖြစ်သည်။
NLD ပါတီဝင်တဦးဖြစ်သူ ဒေါ်ခင်သန်းမြင့်ကလည်း ခေါ်ယူစစ်ဆေးသူများက ပြည်သူများမည်သည့်အတွက် ဆန္ဒပြရသည်ကို မေးမြန်းစုံစမ်းခြင်းမရှိဘဲ နောက်ကွယ်မှ ဦးစီးသူများကိုသာ မေးမြန်းကြောင်းပြောသည်။
ယနေ့ညတွင်လည်း မီးပုံမှန်ရရှိရေး လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လျှပ်စစ်မီးပုံမှန်မပေး နိုင်သည်ကို ပြည်သူများအား ခိုင်လုံစွာ ရှင်းလင်းခြင်းမပြုသေးကြောင်း ဒေါ်ခင်သန်းမြင့်က ဆိုသည်။
မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်သန်းမြင့်၊ ဘကြီးအောင်၊ ကိုဝင်းဇော်ဦး၊ ကိုချစ်ရင်၊ ကိုမြင့်စိုး၊ ၈၈ မျိုးဆက်ကျောင်းသူ ဒေါ်အမာနီတို့ အပါအဝင် တခြားသူများကို SB က ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။
ဒေါ်အမာနီကို နံနက် ၈ နာရီခန့်တွင် SB နှစ်ဦးက နေအိမ်သို့လာရောက်၍ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုှနှင့်ပတ်သက်ပြီး မေးမြန်းရန်ဟု ပြောဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အဆိုပါ သတင်းသမားက ဆိုသည်။
မန္တလေးတိုင်း NLD ပါတီမှ ကိုမျိုးနိုင်ကလည်း အဖမ်းခံရသူ အများစုတွင် NLD ပါတီဝင်များလည်းပါဝင်ပြီး လျှပ်စစ်မီး ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသာဖြစ်ကြောင်း ပြောသည်။
“တရုတ်ကောင်စစ်ဝန်ရုံးဘက်ကို သွားဆန္ဒပြလို့လည်း ခေါ်တာဖြစ်နိုင်သလို ကြိုတင်ခွင့်ပြုချက် မယူဘဲဆန္ဒပြလို့ ခေါ်ယူသတိပေးတာလည်း ဖြစ်နိုင်တယ်” ဟု ကိုမျိုးနိုင်က ဆိုသည်။
ခေါ်ဆောင်ခြင်း ခံရသူများအနက် NLD ပါတီဝင်များအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာရေးဆရာများ၊ စာနယ်ဇင်းသမားများလည်း ပါဝင်သည်။
True News သတင်းဂျာနယ်မှ သတင်းထောက် မင်းထက်ငြိမ်းချမ်းလည်း SB က ခေါ်ယူစစ်ဆေးသည့်အထဲ ပါဝင်သည်ဟု နောက်ဆုံးရသတင်းများအရ သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ညမှ စတင်ကာ မီးပုံမှန် ရရှိရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိကာ တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးနှင့် တရုတ်ကောင်စစ်ဝန်ရုံးသို့ သွားရောက် ဆန္ဒပြခဲ့သည်။ ယမန်နေ့ညကလည်း ထပ်မံဆန္ဒပြကြသေးသည်။
အလားတူ မုံရွာမြို့တွင်လည်း ယမန်နေ့ညက လူ ၂၀၀၀ ခန့် ဖယောင်းတိုင်များ ထွန်းညှိကာ မုံရွာမြို့ကြီး မီးလင်းပါစေဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြကြကြောင်း၊ နောက်ပိုင်းတွင်လည်း မီးမရမချင်း ဆန္ဒပြမည်ဟု သိရကြောင်း မုံရွာမြို့ခံတဦးကလည်း ပြောသည်။
ယခုအခါ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် နိုင်ငံတဝန်း ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားလာရာ ပြည်မြို့တွင်လည်း ယမန်နေ့က လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် သံချောင်းများခေါက်၍ လှုံ့ဆော်မှုများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ညကလည်း ရန်ကုန်တိုင်း သုံးခွမြို့တွင် လူ ၁၀၀ ခန့် ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်ကာ ပုံမှန် လျှပ်စစ်မီးရရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြကြကြောင်း သိရသည်။
ရန်ကုန်မြို့တွင်လည်း ယခုရက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမို များပြာလာကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။
အစိုးရကမူ ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်းဟူ၍ ကြေညာချက်တစောင်ကို ယနေ့ အစိုးရထုတ်သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်တွင် နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းခြင်းကြောင့် အလှည့်ကျ မီးပေးနေရခြင်းကို နားလည်ပေးပါရန်၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးတွင် ပူးပေါင်းပါဝင်ပေးပါရန် မေတ္တာရပ်ခံထားသည်။