၂၀၁၀ ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးကွဲမှုတွင် ပါဝင်ပတ်သက်သည်ဆိုကာ သေဒဏ်နှင့် တခြားပြစ်ဒဏ် အများအပြား ချမှတ်ခံထားရသော အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်သည် အသည်းကင်ဆာ ကျွမ်းနေပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
“မနေ့က ဆေးစစ်ချက်တွေရလာတော့ အသည်းကင်ဆာ နောက်ဆုံးအဆင့်ဆိုတာ သိလိုက်ရတယ်။ အသည်းက အလုပ်မလုပ်တော့ဘူး ဖြစ်နေတော့ ဆရာဝန်က သူ့မှာ အချိန် တလလောက်ပဲ ရှိနိုင်တော့မယ်လို့ပြောတယ်” ဟု ညီဖြစ်သူ ကိုထက်ဝေအောင်က ပြောသည်။
ကင်ဆာကြောင့် ကိုဖြိုးဝေအောင်သည် ရေဖျဉ်းလည်းစွဲနေပြီး နာကျင်မှုကြောင့် လှဲလျောင်းခြင်း၊ အိပ်စက်ခြင်းများ မပြုနိုင်ကြောင်း၊ လတ်တလောတွင် အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ထားရှိကြောင်း၊ ခွဲစိတ်ဆရာဝန် တဦးတည်းကသာ လာရောက်ကြည့်ရှု ကုသပေးနေရကြောင်း၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် အသည်းရောဂါ အထူးကုများနှင့် ပြသရန် အာဏာပိုင်များထံ တင်ပြထားကြောင်း ကိုထက်ဝေအောင်က ဆိုသည်။
ယခုကဲ့သ့ို ရောဂါကျွမ်းသည်အထိ ဖြစ်ရခြင်းသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ညံ့ဖျင်းခြင်းနှင့် ထောင်အာဏာပိုင်များက အကျဉ်းကျ၊ ထိန်းသိမ်းခံနေရသူများအပေါ် လျစ်လျူရှုခြင်းများကြောင့် ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ကိုဖြိုးဝေအောင်သည် ယခင်ကတည်းက အသည်းရောင်အသားဝါ ဘီပိုးရှိခဲ့ပြီး အသည်းရောင်အသားဝါ တကြိမ်ဖြစ်ခဲ့ဖူးခြင်းကြောင့် ဆေးစစ်ဆေးကုသခြင်းကို မပြတ်ခံယူနေရသူဖြစ်ရာ အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံနေရချိန်တွင် ပုံမှန် ဆေးကုသခွင့်ရရန် မိသားစုက တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက လစ်လျူရှုခဲ့သည်ဟု မိသားစုဝင်များက ထောက်ပြသည်။
“အကယ်၍သာ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်၀၀ ရခဲ့မယ်ဆိုရင် ကျနော့်အစ်ကိုဟာ ဒီနေ့လို အခြေအနေမျိုး ရင်ဆိုင်ရမှာမဟုတ်ဘူး။ ကျနော့်အစ်ကိုရဲ့ အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု ဘယ်လောက် ညံ့ဖျင်းနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ကိုထက်ဝေအောင်က ပြောသည်။
လူ ၁၀ ဦးကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည့် ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟူသော သံသယဖြင့် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၃ ရက်နေ့တွင် ကိုဖြိုးဝေအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖောက်ခွဲမှု၊ လူသေစေမှု၊ မတရားအသင်းဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မ စသည်တို့ဖြင့် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက တရားစွဲဆိုခဲ့ပြီး ယခုလဆန်းပိုင်းတွင် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
မိသားစုဝင်များက ကိုဖြိုးဝေအောင်၏ အမှုကိစ္စတွင် တရားမျှတမှုအတွက် ကူညီပါရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားထံ စာပေးပို့ခဲ့သေးသည်။
“ကိုဖြိုးဝေအောင် မဆုံးပါးခင်၊ အသက်ရှိနေချိန်တွင် သူသည် အပြစ်မရှိသူဖြစ်ကြောင်းနှင့် သူ့အပေါ် မတရားသဖြင့် စီရင်ချက်ချထားသည်များကို တရားသဖြင့် ဖြစ်စေရန် လူကြီးမင်းအနေဖြင့် ကူညီပါရန် ပန်ကြားပါသည်” ဟု ရေသားထားပြီး ကိုဖြိုးဝေအောင်၏ ကျန်းမာရေးအခြေအနေများကိုလည်း အဆိုပါစာတွင် ဖော်ပြထားသည်ဟု သိရှိရသည်။
ဆက်စပ်ဖတ်ရှုရန်