ကချင်ဒေသ ငြိမ်းချမ်းရေ ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယမန်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ နောင်ဖြစ်ပေါ်လာနိုင်သော ဆွေးနွေးညှိနှိုင်းပွဲများ အတွက် အစပျိုးခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“နောင်လည်း ထပ်ပြီး တွေ့ဆုံကြမယ် ဆိုတာကို နှစ်ဖက် သဘောတူခဲ့ကြပါတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။
အစိုးရနှင့် နီးစပ်သူတဦး၏ အဆိုအရ မတွေ့ဆုံမီတရက် ညနေပိုင်း၌လည်း တကြိမ်တွေ့ဆုံ၍ ညစာကို အတူစားသောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIA ခေါင်းဆောင်များကို ပထမအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ လဂျာက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးအတွက် KIO ဗဟိုမှတဆင့် ယင်းကိစ္စများကို ဆောက်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း၊ ယခုလကုန် သို့မဟုတ် နောက်လတွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ပြောသည်။
ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် အစိုးရက မြစ်ကြီးနားမြို့ပေါ်နှင့် ဗန်မော်မြို့နယ်တို့တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း ထိုနေရာများ၌ တွေ့ဆုံဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း၊ နှစ်ဖက်ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ပရန်ငေါန် ကျေးရွာတွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံရန် KIO ဘက်က ပြန်လည် အကြောင်းကြားခဲ့သည်။
ထို့နောက် အစိုးရက အကြောင်းပြန်ကြားသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် မတ်လအကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။
ယနေ့ထုတ် အစိုးရသတင်းတွင် ယခုလ ၁၈ ရက်နှင့် ၁၉ ရက်နေ့က KIA တပ်ဖွဲ့ဝင်များ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ရွှေလီ-မန်စံ မဟာ ဓာတ်အားပေးလိုင်းမှ တာဝါတိုင် အမှတ် ၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တို့ ချွတ်ယွင်းပျက်စီးသွားခဲ့သည့်အတွက် နိုင်ငံတဝန်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု ပိုမိုလျော့နည်းသွားပြီး ပြည်သူများ လျှပ်စစ်မီး ပိုမိုဖြတ်တောက်ခြင်း၊ ရေတင်စက်များ အသုံးပြုရန်ခက်ခဲ့ခြင်းများ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။
ထိုလုပ်ဆောင်မှုများကြောင့် လျှပ်စစ်မီးများ အမြန် ပြန်လည် ပို့လွှတ်နိုင်ရန် အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေ့ရောညပါ အပူတပြင်း ပြင်ဆင်နေကြောင်းလည်း ၎င်းသတင်းက ဆိုသည်။