လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် မီးပျက်ရခြင်းနှင့်ပတ်သက်၍ အစိုးရက ပြည်သူလူထုထံ မေတ္တာရပ်ခံ ပန်ကြားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ယနေ့ ထုတ်ပြန်လိုက်သည်။

နွေရာသီကာလ ဖြစ်၍ ဆည်ရေများနည်း ပါးနေသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု ပမာဏလျော့ကျနေခြင်းကြောင့် ပြည်သူ လူထုထုထံ အုပ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီး ခွဲဝေပေးနေရကြောင်း၊ ထို့အတူ ရွှေလီ-မန်စီ ကေဗီ ဓာတ်အားလိုင်း၏ တာဝါတိုင် ၄ ခု အား မိုင်းခွဲခံလိုက်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျော့ကျသွားကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းပါးသွား၍ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ တချို့နှင့် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံများ ကို လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်ထားမည် ဖြစ်ကြောင်း၊ လူနေ ရပ်ကွက်များကိုမူ တနေ့ ၆ နာရီ အလှည့်ကျ ပေးသွား မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့က အတည်ပြု ပြောဆိုလိုက်ကြောင်း သိရသည်။
“စက်ရုံ၊ အလုပ်ရုံတွေက ကိုယ်ပိုင်မီးစက်တွေရှိလို့ ဒီလ ၁၉ ရက်နေ့ကစပြီး လုံး၀ ဖြတ်တောက်လိုက်တာပါ။ လူနေအိမ်တွေ ကိုတော့ မြို့နယ်တခုကို ၃ ပိုင်းခွဲပြီး တနေ့ ၆ နာရီမီးပေးနေပါတယ်” ဟု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးဝေရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောသည်။
ထိုသို့ ပေးဝေမှုသည် သီတင်းပတ် ၂ ပတ်၊ ၃ ပတ် ခန့်သာကြာမြင့်မည် ဖြစ်ကြောင်း၊ မကြာမီ မိုးရာသီ ဝင်ရောက်တော့ မည်ဖြစ်၍ ရေအားလျှပ်စစ် ပြန်လည် ရရှိနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆိုသည်။
စက်ရုံ၊ အလုပ်ရုံများ၌ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုမှာ ယခင်ကလည်း ရှိခဲ့ကြောင်း၊ သို့သော် ယခုကဲ့သို့ လုံး၀ မီးဖြတ်မည်ဆိုပါက ရေရှည်တွင် လုပ်ငန်းလည်ပတ်မှု လျော့ကျ၍ ကုန်ထုတ်လုပ်မှု ကျဆင်း လာမည်ဖြစ်ကြောင်း လှှိုင်သာယာ စက်မှုဇုန်များ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီကို ပြောသည်။
“အစိုးရမီးက တယူနစ်ကို ကျပ် ၅၀ ပေးရတယ်၊ မီးစက် နဲ့ဆိုရင် တယူနစ်ကို ၃၀၀ ကျပ်ကုန်တယ်၊ ဒီတော့ ထုတ်လုပ်မှု လုပ်ငန်းတွေ လျော့ချရတော့မယ်။ အလုပ်သမားတွေကို လခ ပေးပြီး ဒီအတိုင်း ထိုင်ခိုင်းထားရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း လိုအပ်ချက်များ၌ အဓိကထား သုံးစွဲပြီး ပိုလျှံသည့် ဓာတ်ငွေ့ကိုသာ နိုင်ငံခြားသို့ ရောင်းချသင့်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ သည် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ် ပါက ကုန်ထုတ်လုပ်မှု စရိတ်များစွာ သက်သာကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။
ရန်ကုန်မြို့၏ လူနေရပ်ကွက်များ၌ သင်္ကြန်ပြီးချိန်မှ စ၍ လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး ယခု တနေ့ ၆ နာရီသာပေးသည့် လျှပ်စစ်မီးသည်လည်း ပုံမှန်မရသည့်အပြင် ဗို့အား မပြည့်ဝ၍ သုံးမရဟု ရန်ကုန် မြို့ခံ တချို့က ဆိုသည်။
“အလှည့်ကျပေးတော့ မီးလာတာနဲ့ ဝိုင်းပြီး ရေတွေတင်ကြ၊ မီးတွေ ဆွဲကြတယ်၊ လာတဲ့ မီးအားက လုံး၀ မပြည့်တော့ မီးအား မြှင့်စက် မရှိရင် သုံးမရဘူး။ လာတဲ့မီးကလည်းပဲ ၁၀ မိနစ်နေ တကြိမ် ပျက်နေတယ်” ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူ
တဦးက ပြောသည်။
လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေး အတွက် မန္တလေးမြို့ခံ ထောင်ချီကာ ဖယောင်းတိုင်မီးများ ကိုယ်စီကိုင်ဆောင်၍ လမ်း လျောက်ဆန္ဒပြမှု တခုကို မေလ ၂၀၊ ၂၁ ရက်နေ့တို့ တွင် လုပ်ဆောင်ခဲ့ကြသည်။ မုံရွာ မြို့၌လည်း လူဦးရေ ရာချီ၍ ၂၄ နာရီ
မီးရရှိရေးအတွက် ယမန်နေ့ ညနေ က ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့၌ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လှှုပ်ရှားမှုကို ယနေ့ညနေတွင် စတင် လုပ်ဆောင်မည်ဟု မြို့ခံများက ပြောပြီး ဧရာဝတီတိုင်း ပုသိမ်မြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူ စသည့်ဒေသများ၌ လည်း ၂၄ နာရီ မီးရရှိရေး အတွက် တောင်းဆို သွားကြမည်ဟု ဒေသခံများထံမှ သိရသည်။
ထို ဆန္ဒပြမှုများ ပတ်သက်၍ အမှတ် ၂ လျှပ်စစ်ဌာန ဒု ဝန်ကြီး ဦးအောင်သန်းဦးက မန္တလေးမြို့၌ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ကာ တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် ဓာတ်ငွေ့သုံး စက်ရုံကို ရန်ကုန်တွင် တည်ဆောက် နေပြီ ဖြစ်ကြောင်း၊ အလားတူ ကျောက်မီးသွေးသုံးစက်ရုံ တရုံကိုလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံ တည်ဆောက်နေပြီဖြစ်၍ အဆိုပါ စက်ရုံများ ပြီးစီးပါက တနိုင်ငံလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရန်ကုန်တွင် တည်ဆောက်နေသည့် သဘာဝဓာတ်ငွေ့သုံး စက်ရုံသည် ၃ နှစ်အတွင်းပြီးစီးမည်ဟု သိရပြီး ကျောက်မီးသွေးသုံး စက်ရုံသည် တနှစ်အတွင်း ပြီးစီး ဖွယ်ရှိကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးတဦးက ပြောသည်။
တနိုင်ငံလုံး၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား အများစုသည် ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ရခိုင်ကမ်းလွန်ဒေသနှင့် မုတ္တမ ပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။ အစိုးရ၏ အဆို အရ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏာ များပြား လာ၍ တရုတ်နိုင်ငံသို့ ရောင်းချထားသည့်အထဲမှ မဂ္ဂါဝပ် ၁၀၀ ပြန်လည် ဝယ်ယူမည်ဟုလည်း သိရသည်။
“ကျနော်တို့နိုင်ငံမှာ အခု မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင်မသုံးနိုင်ဘူး၊ ဒီတော့ ပိုနေတာတွေကို ဈေးကွက် သဘောအရ ရောင်းစားရတယ်၊ လျှပ်စစ်ဆိုတာ ထုတ်ပြီးရင် သိမ်းထားလို့ မရဘူး” ဟု အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း က ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ရေအားလျှပ်စစ် စီမံကိန်းများသည် မြန်မာနိုင်ငံ မြောက်ဖျား ဒေသများ၊ မြို့ပြနှင့် ဝေးလံသော ဒေသများ၌သာ ရှိကြောင်း၊ တောထဲရှိ ဆည်များမှ ရေအားလျှပ်စစ်ကို မြို့ပြဒေသများသို့ သွယ်တန်းဖြန့်ဖြူးမည် ဆိုပါက ကုန်ကျစရိတ် ကြီးမားကြောင်း၊ ထိုကြောင့် ကုန်ကျစရိတ် တတ်နိုင်သည့် တရုတ်၊ ထိုင်းနိုင်ငံ တို့က ဝယ်ယူရရှိ သွားခြင်းဖြစ်ကြောင်း လျှပ်စစ် အင်ဂျင်နီယာ တဦးဖြစ်သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီကို ပြောသည်။
“တောထဲက လျှပ်စစ် မြို့ပေါ်ရောက်ဖို့ နည်းပညာတွေ၊ ငွေတွေ အများကြီး သုံးစွဲရမယ်၊ ဒါကို အရင် စစ်တပ် အစိုးရကလည်း မလုပ်ခဲ့ဘူး၊ အခု အစိုးရ ကလည်း မလုပ်နိုင်သေးဘူး။ ဒီတော့ တရုတ်ကပဲ ရသွားတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
တနိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ၏ ၇၀ ရာခိုင်နှုန်းသည် ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်၍ ၉ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှအပ မြန်မာတနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား အပြည့်အ၀ မရရှိပေ။ ရန်ကုန်မြို့အား ပြီးခဲ့သည့်
လ အနည်းငယ်မှစ၍ ၂၄ နာရီ မီးပေးမည်ဆိုကာ နယ်မြို့များ၏ လျှပ်စစ်ဓာတ်အား ပေးဝေမှု ကိုလျှော့ချ ခဲ့ပြီးနောက် ဆန္ဒပြ မှုများ ပေါ်ပေါက် လာခဲ့သည်။