နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံသားများကို အမည်ခံစေကာ လုပ်ကိုင်နေသည့် လုပ်ငန်းများကို တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် အသိပေးထားသော်လည်း အသွင်ပြောင်းလုပ်ကိုင်သူ နည်းပါးနေသဖြင့် မြန်မာ အစိုးရက ထပ်မံသတိပေး ပြောဆိုလိုက်သည်။
အမည်ခံကုမ္ပဏီများအနေဖြင့် တရားဝင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံကြရန် ယခုနှစ် မတ်လမှ မေလအထိ ရက် ၉၀ အတွင်း လုပ်ဆောင် ရန် သတိပေးထားသော်လည်း မေလ၂၂ ရက်နေ့အထိ ကုမ္ပဏီ ၁၀ ခုကျော်သာ ရှိသေးကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
“နာမည်ခံထားတဲ့နိုင်ငံခြားသားအားလုံးကို ကျနော်တို့က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ပေးထားတဲ့ Permit (ခွင့်ပြုချက်) ကို ပြန်သိမ်းပြီးတော့မှ Foreign Investment Law နဲ့အညီ ကျနော်တို့ လုပ်ပေးနေပါတယ်။ အခုလာပြီးလုပ်နေတဲ့ အရေ အတွက်တော့ ၁၂ ခုလောက်ပဲ ရှိနေသေးတယ်”ဟု ဦးအောင်နိုင်ဦး က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် စက်ရုံပေါင်း၂၀၀ ကျော်ရှိသော အထည်ချုပ်လုပ်ငန်း အမျိုးအစား တခုတည်းတွင်ပင် မြန်မာနိုင်ငံသားများကို အမည်ခံ၍ရင်းနှီးမြှုပ်နှံနေသော နိုင်ငံခြား ကုမ္ပဏီ ထက်ဝက်ကျော်ရှိနေပြီး တရားဝင် အသွင်ပြောင်း လုပ်ဆောင်ရန် ရာခိုင်နှုန်း နည်းပါးနေခြင်းကို ထောက်ပြ၍ ထပ်မံသတိပေး ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံမှုများသည် အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို ထိခိုက်ရုံ မက နိုင်ငံ၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေနိုင်သဖြင့် ယခုလို ပြောင်းလဲရန် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အသွင် ပြောင်းလုပ်ကိုင်ရန်နှောင့်နှေးနေရသော ကုမ္ပဏီများအတွက် လိုအပ်ပါက ရက်တိုးပေးဖွယ်ရှိကြောင်း ဦးအောင်နိုင်ဦး က ပြော သည်။
မြန်မာနိုင်ငံသားအမည်ခံလုပ်ကိုင်ကြသော ကုမ္ပဏီများကလည်း ရေခ၊ မီး ခ များကစ၍ နိုင်ငံခြားငွေဖြင့် အခွန်ဆောင်စရာမလိုဘဲ ဆယ်စုနှစ်ကြာ အထိုင်ကျလာခဲ့သဖြင့် လက်ရှိအခြေအနေအရ ပြောင်းလဲလိုခြင်း မရှိကြသေးဘဲ ဥပဒေသစ် ထွက်လာမည်အချိန် ကို စောင့်မျှော်နေကြသည်ဟု လုပ်ငန်းရှင်များကလည်း ပြောသည်။ သို့သော်လည်း အနာဂတ်တွင် အရေးယူဆောင်ရွက်ခံရမည် ကို စိုးရိမ်နေကြသည်။
“သူတို့ကတော့ လုပ်ပါ၊ မလုပ်ရင် အရေးယူမယ်ဆိုတဲ့ အတင်းအကျပ်ကြီး ပြောတာမျိုးတော့ မဟုတ်ဘူးဗျ။ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်လာပြီးတဲ့အခါ၊ နိုင်ငံတကာကုမ္ပဏီတွေ ပစ်ဝင်လာတဲ့အခါ ကြလို့ရှိရင်တော့ မလုပ်တဲ့ကုမ္ပဏီတွေကို အရေးယူတဲ့ အဆင့်ထိ လုပ်လာနိုင်တယ်”ဟု လှိုင်သာယာ စက်မှုဇုန် အထည်ချုပ်လုပ်ငန်းရှင်တဦး က ဧရာတီသို့ ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ယခုအချိန်တွင် လွှတ်တော် သုံးခုအနက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အတည်ပြုထားပြီးဖြစ်ကာ ပြည်ထောင်စုလွှတ်တော် က အတည်ပြုပြီးလျင် သမ္မတ က ခွင့်ပြုချက်ရရှိပါက တရားဝင် ပြဌာန်း နိုင်တော့မည် ဖြစ်သည်။ စတုတ္ထအကြိမ် လွှတ်တော်ကို ဇွန်လတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆွဲဆောင်မှုအဖြစ် ၅ နှစ်အခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း၊ ထို့ပြင် ပြည်ပမှ လုပ်ငန်းရှင်များအတွက် ပြည်တွင်းမှ မြေနေရာများ ငှားရမ်း ခွင့်၊ ပထမ ငှားရမ်းမှုကို နှစ် ၅၀ ခွင့်ပြုထားပြီး ထပ်မံ သက်တမ်းတိုး ငှားရမ်းမှု ကို ၁၀ နှစ် ၂ ကြိမ် ခွင့်ပြုကြောင်း ဦးအောင်နိုင်ဦး က ပြောသည်။
၁၉၉၈ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေဟောင်းကြောင့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံှံမှု အားနည်း ခြင်းနှင့် အမည်ခံ ရင်းနှီးမြှုပ်နှံှံမှုများ ပြုလုပ်ခြင်းမှာ အမေရိကန် ၁ ဒေါ်လာလျင် မြန်မာငွေ ၆ ကျပ်ဖြင့် လဲလှယ်ရခြင်း၊ အလုပ် သမားခန့်ထားရေးနှင့် လုပ်ငန်းပိုင်ဆိုင်မှု၊ အငြင်းပွားဖွယ်ရာများကို တိတိကျကျ ပြဌာန်းမှုမရှိခြင်းနှင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်များကို ကန့်သတ် ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်ဟု သိရသည်။
“အရင်ပြဌာန်းခဲ့တဲ့ဥပဒေက မြန်မာနိုင်ငံမှာလာပြီး လုပ်မယ်ဆိုရင် ပုဂ္ဂလိကတွေပိုင်တဲ့ မြေမှာ လုပ်ခွင့်မရှိဘူး။ အစိုးရမြေ ငှားလုပ်မှ ရမယ်။ တချို့လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ လာလုပ်ချင်ပေမယ့်လဲ အစိုးရမြေငှားဖို့ကလည်း သူတို့မှာ အခက်အခဲတွေရှိတယ်။ ပုဂ္ဂလိကမြေငှားဖို့ကလည်း ခွင့်မပြုတော့ သူ့နည်းသူ့ဟန်နဲ့ သူတို့က ယုံကြည်စိတ်ချရတဲ့ မြန်မာနိုင်ငံသားကို Back Up (ကျောထောက် နောက်ခံ)ပေးပြီးတော့မှ ဒီမှာလာပြီး ထူထောင်ခဲ့ကြတာပဲ”ဟု သူက ဆက်ပြောသည်။
ထွက်ရှိလာမည် ဥပဒေသစ်တွင် ဥပဒေဟောင်းတွင်ပါသော အားနည်းချက်များ ပါဝင်တော့မှာမဟုတ်ကြောင်း၊ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာကုမ္ပဏီများကလည်း စောင့်ကြည့်လျက်ရှိပြီး ဥပဒေသစ်ပြဌာန်းပြီးပါက ရင်းနှီးမြှုပ်နှံမှုများ အလုံး အရင်းနှင့် ဝင်ရောက်လာဖွယ်ရှိကြောင်း မြန်မာအစိုးရဘက်က မျှော်မှန်းထားသည်။
“အခုနောက်ပိုင်း ၆ လအတွင်းမှာ အရင်ကနဲ့ မတူဘဲ လာစုံစမ်းနေတဲ့နိုင်ငံခြား ကုမ္ပဏီတွေများတယ်။ အရင်တုန်းက တလလုံးနေမှ ၂ ခုလောက်လာတာ။ အခုဆို တရက်ကို ၁၅ ခုလောက်လာစုံစမ်းနေတာ” ဟု ဦးအောင်နိုင်ဦး ကပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရှိခဲ့ပြီး အမေရိကန်က မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ ဖွင့်လှစ်ပေးပြီးနောက် ဆက်လက်မလုပ်နိုင်တော့ဘဲ ၁၀ ဘီလီယံခန့် ပြန်ရုပ်သိမ်း သွားကြသဖြင့် လက်ရှိတွင် ဘီလီယံ ၃၀ ကျော် ရင်းနှီးမြှုပ်နှံနေကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အမည်ခံနှင့် တိုက်ရိုက်ရင်းနှီမြှုပ်နှံလုပ်ကိုင်နေမှုတွင် တရုတ်နိုင်ငံက အများဆုံး လုပ်ကိုင်လျက်ရှိပြီး ထိုင်း၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားနိုင်ငံများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများ၌ ဥပဒေအရ အကာအကွယ်ပေးမှု အားနည်းသည့် နိုင်ငံတနိုင် ဖြစ် ကြောင်း ဗြိန်တိန်နိုင်ငံ အခြေစိုက် Maplecroft အဖွဲ့ ၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်သည့် ဥပဒေစိုးမိုးမှုဆိုင်ရာ အစီရင်ခံစာ တစောင်၌ ဖော်ပြထားသည်။
ထိုအစီရင်ခံစာသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာထားသည့် အစီရင်ခံစာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ဥပဒေအရ ကာကွယ်ပေးမှု အနည်းဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်နေသည်ဟု ဆိုသည်။