ကချင်စစ်ပြေး ဒုက္ခသည် စခန်းများကို ပစ်မှတ်ထားကာ လူကုန်ကူးမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း တရုတ် – မြန်မာ နယ်စပ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဒေါ်မိုင်းဂျာက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်သည် မူလကတည်းက တရုတ်နယ်စပ်မှ တဆင့် လူကုန်ကူးမှုများရှိခဲ့သော်လည်း ယခုအခါ ပြည်တွင်း စစ်ကြောင့် ပြေးရှောင်နေရသည့် ဒုက္ခသည်စခန်းများကို အဓိကပစ်မှတ်ထားပြီး ပိုမို ဖြစ်ပေါ်လာကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီးအစည်းအရုံး (KWAT) အဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်မိုင်းဂျာက ရှင်းပြသည်။

“စစ်ဖြစ်နေတဲ့ ကာလအတွင်း ဒုက္ခသည်စခန်းတစ်ခုတည်းမှာ တလကို လေး၊ ငါးယောက် လောက်တော့ ပျောက်ပျောက် နေတယ်။ တချို့ မိဘတွေကလည်း တရုတ်ပြည်ကနေ မိန်းကလေး လိုချင်တယ်ဆိုရင် ပေးစားလိုက်တာမျိုးရှိတယ်။ မိဘတွေမသိဘဲ ပျောက်သွားတာတွေ၊ တရုတ်ပြည်ကို ရောင်းစားခံလိုက် ရတာတွေလည်း ရှိတယ်” ဟု သူက ဆိုသည်။
တရုတ် – မြန်မာ နယ်စပ်တွင် ကချင် စစ်ဘေး ဒုက္ခသည်စခန်း ၂၀ ကျော်ရှိပြီး ဒုက္ခသည် ၄ သောင်းကျော် ရှိနေကြောင်း၊ အသက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင် အိမ်ထောင်မကျသေးသူ မိန်းကလေးငယ် များအား အဓိကပစ်မှတ်ထား၍ လူကုန်ကူး နေကြောင်း၊ ပြည်တွင်း စစ်ဖြစ်နေသည့် ၁ နှစ်နီးပါး ကာလအတွင်း ဒုက္ခသည် စခန်းများမှ လူ ၂၀၀ ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။
စစ်ဖြစ်ပွားမှုကို အကြောင်းပြကာ ဒုက္ခသည် စခန်းများရှိ မိန်းကလေးငယ်များအား အိမ်နီးချင်းနိုင်ငံသားနှင့် လက်ထပ်ပါက ကောင်းမွန်စွာ နေထိုင်ရမည်ဟု ပြောဆို စည်းရုံးမှုများ ရှိနေကြောင်း၊ မိဘများ မသိဘဲ ပျောက်ဆုံးမှုများလည်း ရှိနေသဖြင့် ထိုကဲ့သို့ မဖြစ်စေရန် ပညာပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်ထဲသို့ အလုပ်သွားရောက် လုပ်ကိုင်မည်ဆိုပါက KWATကိုလာရောက် အကြောင်းကြားရန် မှာကြားထားကြောင်း၊ သို့မှသာ အလုပ်လုပ်သည့်နေရာနှင့် အလုပ်ရှင်ကိုသိကာ ပျောက်ဆုံးပါက ရှာဖွေရ လွယ်ကူမည်ဖြစ်ကြောင်း ဒေါ်မိုင်းဂျာက ဆိုသည်။
ကမ္ဘာ့ ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (UNIAP) မှ တာဝန်ရှိသူ တဦး၏ အဆိုအရ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား အိမ်နီးချင်း တရုတ်နိုင်ငံမှ လက်နက်ကိုင် ခြိမ်းခြောက် ခေါ်ဆောင်၍ ရောင်းစားမှု များ ယခုလအတွင်းတွင်ပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်၊ စစ်ဘေးဒဏ်၊ ဆင်းရဲ နွမ်းပါးသူများနှင့် အယုံလွယ်သူများကို အဓိကပစ်မှတ်ထားကာ လူကုန်ကူးမှုများ ပြုလုပ်လေ့ရှိသဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ပြေးရှောင်နေရသည့် ပြည်သူများ လူကုန်ကူးခံရမှုမှ ကာကွယ်ပေးနိုင်ရန် သက်ဆိုင်ရာက စောင့်ကြည့်ပေးစေချင်ကြောင်း UNIAP မှ တာဝန်ရှိသူက ဆိုသည်။