အစိုးရအနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရောင်းချမှု၊ ခွဲဝေသုံးစွဲမှုစသည်တို့နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောသည်။
သဘာဝစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ ရောင်းချနေသည်ဆိုသော်လည်း နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း၊ ပြည်ပသို့ လျှပ်စစ်နှင့် တခြားသော စွမ်းအင်ရင်းမြစ် မည်မျှရောင်းချသည်၊ မည်သို့သုံးစွဲသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။
“ဒီမိုကရေစီအစိုးရတရပ်မှာ အရေးပါဆုံးက ပွင့်လင်းမြင်သာမှု ရှိခြင်းပဲ၊ စွမ်းအင်ဘယ်လောက်ထွက်တယ်၊ ပိုက်ဆံ ဘယ်လောက်ရတယ်၊ ဘယ်လိုသုံးနေတယ်ဆိုတာကို ပြည်သူကို အသိပေးရမယ်၊ သိအောင် တောင်းဆိုခွင့်ရှိသလို သိခွင့်လည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ မြန်မာ့စွမ်းအင် အရင်းအမြစ်များကို မည်သို့သုံးစွဲသည်၊ မည်မျှရောင်းချသည်ကို ပြည်သူများမသိရှိရကြောင်း၊ ပြီးခဲ့သည့်နှစ် မြစ်ဆုံစီမံကိန်းကို အများဝေဖန်စဉ်က အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုယ်တိုင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား များပိုလျံနေသည့်အတွက် ပြည်သို့ရောင်းချနေရသည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်အခါတွင် ပြည်သူများ လျှပ်စစ်မီးပြည့်ပြည့်၀၀ မရကြောင်း ဦးကိုကိုကြီးက ထောက်ပြသည်။
စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ် ဇန်နဝါရီလထုတ် အစိုးရသတင်းစာတွင် အမှတ် (၂) လှျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ ရွှေကျင်၊ ဖြူး၊ ရဲရွာ၊ နန်ချို၊ အမ်း၊ တာပိန် (၁)၊ ချီဖွေငယ်၊ ကြီးအုံကြီးဝ၊ ကွန်း၊ အထက်ပေါင်းလောင်း၊ သောက်ရေခပ်(၂)၊ ဘီလူးချောင်း(၃)၊ သူဌေး၊ ထမံသီ၊ မဏိပူ၊ အထက်ကျိုင်းတောင်း စသည့် လျှပ်စစ်ထုတ်လုပ်သည့် ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုကို ၂၀၁၀ ခုနှစ်မှ စတင်အကောင်အထည် ဖော်နေကြောင်း၊ ၂၀၁၀/၂၁၁ ခုနှစ်တွင် စီမံကိန်း ၉ ခုပြီးလျှင် တနိုင်ငံလုံးလျှပ်စစ်ဓာတ်အား လုံလောက် မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပိုလျှံသည့်အထိပင် ဖြစ်လာနိုင်ကြောင်း ရေးသားထားသည်။
ထို့အပြင် ၂၀၁၁ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်လည်း ၁၉၈၈ ခုနှစ်မတိုင်မီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၅၂၉.၁ မဂ္ဂါဝပ် ရှိခဲ့သော်လည်း ယခု ၃၀၄၅.၄ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ပြီး တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၀ ကျော်မှ ၄၁၂၀၆.၅ မဂ္ဂါဝပ်နှင့် နောက်တွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံ ၁ ရုံမှ ၂၆ မဂ္ဂါဝပ် ရရှိမည်ဖြစ်ပြီး စီမံကိန်းအားလုံး ပြီးစီးပါက ၄၄၂၇၆.၉ မဂ္ဂါဝပ်အထိ တိုးတက် လာမည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့့်ရက်ပိုင်းမှ စတင်ကာ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဆန္ဒပြ လှုပ်ရှားမှုများ မြန်မာနိုင်ငံမြို့ကြီးများတွင် ဖြစ်ပွားနေသည်။
ယမန့်နေ့ကလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည် တို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒပြ လှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့တွင် မြို့ကြီးတချို့၌ ဆက်လက်ဆန္ဒပြမည်ဟု သိရှိရသည်။
အစိုးရရုံးစိုက်ရာ နေပြည်တော်မှလွဲ၍ မြို့ကြီးများတွင် ယခုအခါ လျှပ်စစ်မီးကို အစိုးရက တနေ့လျှင် ၆ နာရီ်ခန့်သာ ပေးနိုင်တော့ရာ အဆိုပါ လျှပ်စစ်မီးပြဿနာနှင့် ပတ်သက်၍ ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းခြင်းကြောင့် အလှည့်ကျ မီးပေးနေရခြင်းကို နားလည်ပေးပါရန်၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးတွင် ပူးပေါင်းပါဝင်ပေးပါရန် မေတ္တာရပ်ခံထားသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ၁၈ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀ ရုံရှိပြီး ဒေသအသီးသီးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေကြောင်း အဆိုပါ မေတ္တာ ရပ်ခံချက်တွင် ဖော်ပြထားသည်။