လျှပ်စစ်မီး မှန်မှန် ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးတွေ အပါအဝင် မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်နေစဉ်မှာပဲ လျှပ်စစ်မီးနှင့် ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေလည်း ပေါ်ထွက်လာပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်က လျှပ်စစ်မီး ဆန္ဒပြမှုတွေ အကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ “ လျှပ်စစ်မီး မှန်မှန် မရရှိလို့ ဖယောင်းတိုင်မီးထွန်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာတွေကိုတော့ သဘောကျပါတယ်၊ ဒါပေမယ့် တချို့ဆန္ဒပြသူတွေက လျှပ်စစ်မီးကို အရင်ပေးပါ ဒီမိုကရေစီကို နောက်မှပေးလဲစောင့်နိုင်ပါတယ်လို့ ပြောဆိုတာတွေကိုတော့ ကျမ စိတ်ထဲမှာ ဘဝင်မကျပါဘူး၊ လျှပ်စစ်မီးတွေ မှန်မှန် မရတာဟာ ဘာကြောင့်လဲ ဆိုတာ အားလုံးကို သေသေချာချာ စဉ်းစားစေချင်ပါတယ်” လို့ မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း NLD ရုံးဖွင့်ပွဲမှာ ဆိုပါ တယ်။
မြန်မာနိုင်ငံမှာ စွမ်းအင် အရင်းအမြစ်နဲ့ သဘာ၀ သယံဇာတတွေ ပေါများနေပါလျက်နဲ့ လျှပ်စစ်မီး မှန်မှန် မရရှိတာတွေ ရေ မရရှိတာတွေ လူအများ အလုပ်အကိုင် မရရှိတာတွေဟာ နိုင်ငံမှာ ကျင့်သုံးနေတဲ့ စနစ် မှန်ကန်မှု မရှိတာကြောင့် ဖြစ်တာလို့ ဆိုပါ တယ်။
အချို့သူတွေကလည်း နိုင်ငံရေးထက် စီးပွားရေး ကောင်းမွန်ဖို့ ပို အရေးကြီးပါတယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က “ ကျမတို့ မြန်မာနိုင်ငံက ချမ်းသာပါတယ်၊ ပြည်သူတွေသာ ဆင်းရဲနေတာပါ၊ မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျနေတာဟာ ကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်ကြောင့်သာ ဖြစ်လို့ ဒီမိုကရေစီ ရရှိရေးနှင့် ပြည်သူအများ အခြေခံလိုအပ်ချက်တွေ ကို တန်းတူထား ဆောင်ရွက်သွားဖို့ လိုအပ်မှာပါ” လို့ ဆိုပါတယ်။
“လျှပ်စစ်မီး မလာတဲ့အခါ မီးစက်သုံးနိုင်တဲ့ လူနည်းစု အတွက်တော့ အခက်အခဲ သိပ်မရှိလှပေမယ့် လူအများစုကတော့ အလုပ်တွေလုပ်ကိုင်ဖို့ ကလေးတွေ စာဖတ်ဖို့ကအစ အခက်အခဲ တွေရှိမှာပါ” လို့လည်း ပြောလိုက်ပါတယ်။
“လျှပ်စစ်မီး ရရှိဖို့ သုံးရေ မှန်မှန် ရရှိဖို့တို့တွေအတွက် ပြည်သူတွေ စိုးရိမ်နေရပြီး လျှပ်စစ်မီးရရှိဖို့၊ ရေရရှိဖို့၊ အလုပ်အကိုင်ရရှိဖို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့တို့အတွက် နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရမှာဖြစ်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးနိုင်တဲ့ အခြေအနေတွေကိုလည်း ဖန်တီးပေးရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒီမိုကရေစီ လှုပ်ရှားမှုများတွေဟာ အစိုးရအနေနဲ့ ဒီလို တာဝန်တွေကို ယူတတ်စေဖို့ အတွက် ထောက်ပြပေးဖို့ ဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ မိမိတို့ ဘဝတွေကို မိမိတို့ ပိုင်ဆိုင်လိုကြပါက ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အုတ်တချပ် သဲတပွင့်အဖြစ် အနေနဲ့ တတ်နိုင်သလောက် ပါဝင်ကြစေလိုပါတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး မန္တလေး ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ ကာတွန်းဆရာ ဟာဂျူလီ(ကသာ) က စိတ်မကောင်းဖြစ်ရကြောင်း ဆိုပါတယ်။ သူ့ facebook မှာ “လူတစ်ယောက်က အမေစုပြောတဲ့ဆိုင်းဘုတ်ကိုပြီး ဆန္ဒထုတ်ဖေါ်တာတွေ့ရပါတယ်၊ ကျနော် စုံစမ်းကြည့်တော့ သူဟာလည်း ဘယ်အဖွဲ့အစည်းဝင်မှ မဟုတ်ဘူး၊ ရိုးရိုးသားသား ထမင်းရှာစားနေတဲ့သူပါ၊ သူ့အလုပ်အကိုင်နဲ့ နာမည်ကအစ ကျနော် စုံစမ်းထားပါတယ်၊ သူ့အသိစိတ်မှာ မီးရချင်တာပဲသိတဲ့သူပါ။ သူ့အရေးအသားကြောင့် ဒီမိုကရေစီအပေါ် ဝမ်းနည်းစရာဖြစ်နိုင်တယ်လို့ ထင်နိုင်လောက်အောင်လည်း သူ့မှာ အတွေးအခေါ်မရင့်ပါဘူး” လို့ရေးသားထားပြီး “မန္တလေးက ဆန္ဒထုတ်ဖေါ်သူတွေအားလုံးဟာ (တစ်ယောက် နှစ်ယောက်ကလွဲရင်) “မီးလင်းရေးဟာ အဓိက၊ဒီမိုကရေစီအရေးဟာ ဒုတိယ” လို့ဘယ်သူမှ မတွေးကြပါဘူး” လို့ ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေး အတွက် မန္တလေးမြို့ခံ ထောင်ချီကာ ဖယောင်းတိုင်မီးများ ကိုယ်စီကိုင်ဆောင်ပြီး လမ်း လျှောက်ဆန္ဒပြမှု တခုကို မေလ ၂၀ ကစခဲ့တာ အခုဆို ရန်ကုန်၊ မုံရွာ၊ ပြည်၊ ပေါင်းတည်မြို့တွေထိပါ ဆန္ဒပြပွဲတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။
အမှတ် ၂ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက နွေရာသီကာလ ဖြစ်၍ ဆည်ရေများနည်း ပါးနေသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု ပမာဏလျော့ကျနေခြင်းကြောင့် ပြည်သူ လူထုထုထံ အုပ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီး ခွဲဝေပေးနေရကြောင်း၊ ထို့အတူ ရွှေလီ-မန်စီ ကေဗီ ဓာတ်အားလိုင်း၏ တာဝါတိုင် ၄ ခု အား မိုင်းခွဲခံလိုက်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျော့ကျသွားတာကြောင့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ တချို့နဲ့ ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကို လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်သွားပြီး လူနေ ရပ်ကွက်များကို အလှည့်ကျ ပေးသွားမယ်လို့ ကြေညာထားပါတယ်။