မစပ်စုတို့ မြန်မာတပြည်လုံးလည်း အခုတလော မီး … မီးနဲ့ဖြစ်နေလို့ တလောက facebook စာမျက်နှာထက်မှာ တက်လာတဲ့ ကြော်ငြာလေးတခုကို သွားသတိရမိပါတယ်။
အဲဒါလေးကတော့ သတင်းစာထဲတွေမှာ ထည့်တတ်တဲ့ ရန်ကုန်မြို့လယ် တိုက်ခန်းအငှား ကြော်ငြာလေးပါ။ အဲဒီ ကြော်ငြာမှာ ရေးထားတာက “ရန်ကုန်မြို့လယ်၊ ၈ လွှာ၊ ၈ သောင်း၊ ရေကောင်း၊ မီး ထုံးစံအတိုင်း” ပါတဲ့။ မစပ်စု အရင်က ကြားဖူးသလောက်ကတော့ တိုက်ခန်းကြော်ငြာတွေမှာ ရေကောင်း မီးကောင်းဆိုတာပါ။ အခုတော့ မီးက ထုံးစံအတိုင်းလို့ ဆိုလေတော့ လျှပ်စစ်ရုံးက ပေးတဲ့အတိုင်း လာချင်လာမယ် ပျက်ချင်ပျက်မယ် တာဝန်မယူလို့ ပြောလိုက်သလိုပါပဲ။
လျှပ်စစ်မီးနဲ့ ပတ်သက်လို့ အခုလိုကြောငြာထားလည်း ထားချင်စရာပါပဲ။ ခွဲတမ်းဆိုတဲ့ အရာကို မြန်မာပြည်သူတွေ နှစ်ပေါင်း မနည်းမနော ခံစား နေရတာပါ။
လတ်တလောမှာလည်း မီးနဲ့ပတ်သက်ပြီး မြန်မာတပြည်လုံးနီးပါး တော်တော် ဒုက္ခရောက်နေကြရပါတယ်။ မီးလို့ ဆိုရာမှာလည်း လျှပ်စစ်မီးနဲ့ လောင်မီး လို့ ဆိုရမလိုပါပဲ။ မြန်မာတနိုင်ငံလုံးလည်း လောင်လိုက်တဲ့ မီး၊ ဈေးတွေတောင် ကျန်ပါတော့သေးလားလို့ မေးရမလိုပါ။ မီးက ဈေးတွေကို ရွေးရွေး လောင်တာကိုး။ မြန်မာပြည်သူတွေ ခမျာ နွေရာသီရောက်လာတိုင်း တခြား ဘယ်နိုင်ငံနဲ့မှ မတူအောင် မီး နှစ်မီးရဲ့ ဘေးအတွက် ကြိုတင်ပြင်ဆင် အကြံထုတ်ကြရတာပါ။
နွေရာသီမှာ ရာသီဥတု အလွန်ပူပြင်းတဲ့အတွက် ဆည်ရေခန်းခြောက်မှု ပြဿနာကြောင့် ရေအားလျှပ်စစ်စီမံကီန်းက လျှပ်စစ် ဓာတ်အား မထုတ်လုပ်နိုင်လို့ ရန်ကုန်မြို့တော်ကြီးကို အလှည့်ကျ စနစ်နဲ့ မီးပေးပါတော့မယ်လို့ ပြောခဲ့ပါတယ်။ ပြည်သူလူထုကို ရေအားလျှပ်စစ် တမျိုးတည်းနဲ့ မီးပေးလားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုထိလည်း ရိုးရာမပျက် ရေအားလျှပ်စစ်နဲ့ပဲ မီးပေးတုန်းပါ။ မြန်မာပြည်က ထွက်နေတဲ့ သဘာဝ ဓာတ်ငွေ့ကတော့ မြန်မာပြည်သူတွေ စိတ်ကူးမယဉ်နဲ့ ရောင်းပြီးသွားပါပြီ။
နွေကာလ ရေခန်းလို့ပဲဖြစ်ဖြစ်၊ မဂ္ဂါဝပ်တွေ သုံးတာနဲ့ ပေးနိုင်တာ မကာမိလို့ဘဲဖြစ်ဖြစ် ခွဲတမ်းနဲ့ကော၊ ခွဲတမ်းမဟုတ်တာရော ပျက်ချင်သလိုပျက်၊ လာချင်သလိုလာနေချိန်မှာ တမြို့လုံးထိန်ထိန်လင်းနေအောင် ၂၄ နာရီမီးပေးထားနိုင်တဲ့ မြို့ကတော့ အစိုးရ ဝန်ကြီးများရုံးဆိုက်ရာ နေပြည်တော်မြို့ကြီးပါ။ ဘယ်က ဘယ်လိုရတဲ့ မဂ္ဂါဝပ်တွေနဲ့ ပေးထားနိုင်သလဲဆိုတာလည်း မေးစရာဖြစ်နေ
ပြန်ပါတယ်။
တနိုင်ငံလုံးကို ခွဲတမ်းနဲ့ မီးပေးတော့မယ်ဆိုတော့ဒီခွဲတမ်းစာရင်းထဲမှာကော နေပြည်တော်မြို့ကြီးပါ ပါနေမလားလို့ အများက သိချင်နေကြပါပြီ။ နေပြည်တော်က ခွဲတမ်းထဲမပါဘူးဆိုရင်တော့ မြန်မာနိုင်ငံ မြေပုံထဲမှာလည်း မပါလို့ ဖြစ်မယ်လို့ မစပ်စုတော့ တွေးနေမိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်က စလိုက်တဲ့ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် တောင်းဆိုပွဲဟာ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ ပြည် စတဲ့ မြို့တွေကိုပါ ကူးစက်ကုန်ပါပြီ။
အခုတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှုနဲ့ တည်ဆောက်မယ့် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဒီစက်ရုံ နှစ်ရုံပြီးရင်တော့ မြန်မာတနိုင်ငံလုံး နွေရာသီတိုင်း လျှပ်စစ် ဓာတ်အား ၂၄ နာရီလုံးပြန်ရပါတော့မယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက ပြောလိုက်ပြန်ပါပြီ။
သဘာဝဓာတ်ငွေ့သုံးစက်ရုံးက တည်ဆောက်ချိန် ၃ နှစ်ကြာမှာဖြစ်ပြီး ကျောက်မီးသွေးစက်ရုံကတော့ ၁ နှစ်ကြာမှာပါတဲ့။
ကဲ ဒီတော့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ မြန်မာပြည်သူတွေ အနေနဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက်လည်း ဒီစက်ရုံတွေ အပြီးကိုပါ စိတ်ရှည်သည်းခံ ဆက်လက်စောင့်စားလိုက်ပါဦးလို့ အကြံပြုရင်း …။
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်း
စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက် နေ့မျိုးတွေမှာ ဂစ်တာတွေကိုင်ပြီး သီဆိုဖျော်ဖြေကာ ကချင် စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေ လိုက်လံကောက်ခံနေတဲ့ ဂီတပညာရှင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဦးဆောင်ပြီး အဖွဲ့ဝင် အယောက် ၂၀ ကျော်ပါဝင်တဲ့ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” ဆိုတဲ့ အဖွဲ့ကို ရန်ကုန်မြို့ရဲ့ လက်ဘက်ရည်ဆိုင်တွေမှာ အပတ်စဉ်တိုင်းလိုလို တွေ့ရမှာပါ။
ဒီလို ဆောင်ရွက်နေမှုတွေကို ကချင်စစ်ဘေးဒုက္ခသည်တွေ သူ့နေရာမှန်ကို ပြန်ရောက်သွားပြီဆိုမှ ရပ်တော့မယ်လို့ အဖွဲ့ဝင်တဦးဖြစ်သူ ကိုသားထွေးက ဆိုပါတယ်။
“စနေ၊ တနင်္ဂနွေ ဆိုတော့ လက်ဘက်ရည်ဆိုင်မှာ လူအများ ထိုင်ကြတာများတယ်။ ဒါကြောင့် ဒီရက်ကို ရွေးပြီး လုပ်ဖြစ်တာပါ။ ကချင်ဒေသမှာ စစ်တွေအားလုံးရပ်စဲပြီး ဒုက္ခသည်တွေ ကိုယ့်နေရာကိုယ် ပြန်ရောက်တဲ့ အချိန်အထိ ဆက်လုပ်သွားမှာပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။
မြန်မာပြည်မှာ ပြည်တွင်းစစ်တွေ ရှိနေသေးပါလား၊ စစ်ဘေးဒုက္ခသည်တွေလည်း စစ်ဒဏ်ကို ခံစားနေရသေးပါလား ဆိုတဲ့ အသိကို ပြည်သူတွေ မေ့လျော့နေမှာစိုးတဲ့အတွက် အခုလို လိုက်လံဖျော်ဖြေပြီး အသိပေးနေတဲ့ သဘောလည်း ဖြစ်တဲ့အပြင် ရန်ပုံငွေရှာတဲ့ ရှိုးပွဲတွေ လုပ်နေမယ်ဆိုရင် ပါမစ်တောင်းရတဲ့ အခက်အခဲတွေကြောင့် အခုလို လမ်းပေါ်မှာ ဂစ်တာတီး ဖျော်ဖြေပြီး အလှူငွေ ကောက်ခံရခြင်းဖြစ်တယ်လို့ ကိုရဲလွင်က ဆိုပါတယ်။
လွတ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ဝင်တွေဟာ မိုးလုံးမှိုင်း၊ အတ္တဖြုတ်ချ၊ ခွန့်အားဖြည့်မိငယ်၊ ကြိုး၊ လွတ်လပ်ငြိမ်းချမ်းတေးသံ၊ ငြိမ်းချမ်းရေးတိုက်ပွဲ စတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေကို အဓိကထား သီဆို ဖျော်ဖြေခဲ့ကြပြီး မောနင်းစတား၊ အိုင်တီ၊ လပ်ကီးဆဲဗင်း၊ စံပြ ဒေါ်ကြည်၊ စိတ်တိုင်းကျ စတဲ့ လက်ဘက်ရည် ဆိုင်ကြီးငါးဆိုင်နဲ့ ဆိုင်ခွဲတွေမှာ ပုံမှန် သီဆိုဖြစ်နေကြတာပါ။
ဒီ အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာတင်မကဘဲ မန္တလေးမြို့က လက်ဘက်ရည်ဆိုင်တွေမှာပါ လိုက်လံ ဖျော်ဖြေခဲ့ကြပါတယ်။ ကချင်စစ်ဘေးဒုက္ခသည်တွေကို ပထမတကြိမ် အလှူငွေပေါင်း ကျပ် ၃၁ သိန်းကျော် သွားရောက်လှူဒါန်းနိုင်ခဲ့ပြီး ဒုတိယအကြိမ် လှူနိုင်ဖို့အတွက် အလှူငွေတွေလည်း ရရှိထားပြီးပြီလို့ သိရပါတယ်။
ဒီလိုမြို့အနှံ့ သွားရောက်ဖျော်ဖြေတဲ့နေရာမှာ အချို့နေရာတွေဟာ အခက်အခဲမရှိ အေးဆေးစွာ ဖျော်ဖြေနိုင်ခဲ့ပေမယ့် ကြည့်မြင်တိုင်မြို့နယ်မှာတော့ အခုလို ဖျော်ဖြေမယ်ဆိုရင် ပါမစ်တင်ရမယ်ဆိုတဲ့ ပြဿနာတရပ် ပေါ်ပေါက်ခဲ့တဲ့အတွက် သွားမဆိုဖြစ်ခဲ့ဘူးလို့ ကိုသားထွေးက ဆိုပါတယ်။
အခုနောက်ပိုင်းမှာတော့ လက်ဘက်ရည်ဆိုင်တွေတင် မကပဲ ကားပွဲစားတန်းနဲ့ တချို့ အိမ်တွေက ဖိတ်ခေါ်လာတာတွေ
ရှိတဲ့အတွက် သွားရောက်ဖျော်ဖြေ ရတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
“အခုလို ဒုက္ခသည်တွေ သူတို့နေရာ သူတို့ပြန်ရောက်သွားဖို့အတွက် အဘက်ဘက်က တာဝန်ရှိသူတွေလည်း အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်။ နောက်ပြီး အစိုးရကော၊ ပြည်သူအားလုံးကိုပါ ပြောချင်တာက ဒုက္ခမရောက်ချင်ဘဲ ရောက်နေကြရ တာတွေ၊ မဖြစ်သင့်ဘဲဖြစ်နေရတဲ့ ကိစ္စတွေအားလုံး ဘယ်သူရယ်လို့မဟုတ်ဘူး ဝိုင်းပြီး ကူညီစောင့်ရှောက် သင့်ပါတယ်” လို့ ကိုသားထွေးက ဧရာဝတီက တဆင့် တိုက်တွန်းလိုက်ပါတယ်။