လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) က ထုတ်ပြန် ကြေညာလိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော AI ၏ ၂၀၁၂ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာစစ်သားများက အရပ်သားများအပေါ် လိင်ပိုင်း ဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည့်အပြင် သောင်းချီရှိနေသော ဒုက္ခသည်များအား ထောက်ပံ့မည့် လူမှုရေးအကူ အညီများကိုလည်း ပိတ်ပင်ခဲ့ကြောင်းဆိုသည်။
“အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကန့်သတ်ဖြင့်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယမန်နှစ်တလျှောက်လုံး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူမှုအထောက်အကူပြုရေး ဥပဒေ ချိုးဖောက်မှုများ တိုင်းရင်းသားဒေသများတွင် တိုးပွားလာခဲ့သည်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
မြန်မာစစ်တပ်အနေဖြင့် အဖြူအမည်း မခွဲခြားပဲ မဲမဲမြင်ရာ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်ဆုံးရှုံးမှုများရှိနေရာ အမှုတချို့မှာ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင် တိုက်ခိုက်သည့် ရာဇဝတ်မှု ဟုဆို၍ ရကြောင်း အစီရင် ခံစာက ရေးသားထားသည်။
ကချင်ပြည် မြောက်ပိုင်းတွင် အစတုံးဖျောက်ဖျက်မှုများ၊ ကလေးငယ်များကို ပစ်ခတ်မှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့် အရပ်သားများ၏ ပိုင်ဆိုင်ရာနှင့် အစားအသောက်များကို တရားဥပဒေမဲ့ ဖျက်ဆီးမှုများရှိကြောင်း၊ ရှမ်းပြည်တွင်လည်း အရပ်သား များကို နှိပ်စက်ညှင်းပန်းခြင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ အတင်းအဓမ္မနေရာရွှေ့ပြောင်းခိုင်းခြင်းတို့ကို ကျူးလွန်ကြောင်းနှင့် ကချင်နှင့် ရှမ်းပြည်ရှိ အရပ်သားများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများ ရှိကြောင်းလည်း ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နေပြည်တော် အစိုးရအနေဖြင့် ပြည်တွင်းစစ်ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းရေး စကားဝိုင်းများ စတင်အကောင်ထည်ဖော် လုပ်ဆောင်နေသော်လည်း ကချင်ဒေသတွင်မူ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်စီးပြီး စစ်ပွဲများ ပြန်ဖြစ်လာခဲ့သည်။
ကချင်ဒေသ ငြိမ်းချမ်းရေ ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIA ခေါင်းဆောင်များကို ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်းလည်းဖြစ်သည်။