နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာသည် ၎င်းပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့ခြင်းသာ ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးအနေဖြင့် ကြိုတင် မသိရှိ သကဲ့သို့ နိုင်ငံတော်သမ္မတရုံး၏ သဘောထားကိုလည်း တစုံတရာ ထင်ဟပ်ခြင်းမရှိကြောင်း သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ အင်လျားလမ်းရှိ နိုင်ငံတော်သမ္မတ အကြံပေးများရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးမြင့်၏ “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ” နှင့် ပတ်သက်၍ ဦးကိုကိုလှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးမြင့်၏ အိတ်ဖွင့်ပေးစာသည် ရန်ကုန်တက္ကသိုလ် အတွက် စိတ်ကောင်းစေတနာဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ယုံကြည် ကြောင်း၊ သို့ရာတွင် ပြည့်စုံသော သတင်းအချက်အလက် မပါရှိသောကြောင့် နားလည်မှု အကောက်အယူ လွဲမှားကာ စိုးရိမ်မှုဖြင့် ပြောဆိုခြင်းဖြစ်နိုင်ပါကြောင်း၊ ဦးမြင့်၏ စာပါ အကြောင်းအရာသည် မူဝါဒဆိုင်ရာ အထူး ထိလွယ် ရှလွယ် အတိမ်းအစောင်းမခံသော ကိစ္စဖြစ်ကြောင်း၊ အထင်လွဲမှုများ ပြေလည်စေ ရန် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးကိုကိုလှိုင်က ဆက်လက်ပြောဆိုသည်။
ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာနှင့်ဂုဏ်သိက္ခာ ပြန်လည်ထွန်းပြောင်ရေးအတွက် နိုင်ငံတော်ကလည်း အထူးလိုလား ဆန္ဒရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် သာမက တက္ကသိုလ်အားလုံးကို နိုင်ငံတကာနှင့် ရင်ပေါင် တန်းလိုသော ဆန္ဒရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် တခုတည်းကိုသာ အထူးတလည်ဦးစားပေးပြီး ကျန်တက္ကသိုလ်များကို မျက်ကွယ်ပြု၍ မရနိုင်ကြောင်း ဦးကိုကိုလှိုင်က ဆိုသည်။
ဆက်လက်၍ ၎င်းက အစိုးရသည် တက္ကသိုလ်အဆင့်မြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် တောင်ကြီး တက္ကသိုလ်တွင် အမျိုးသား ပညာရည်မြင့်မားရေး (အဆင့်မြင့်ပညာကဏ္ဍ) နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ပြီး တနိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဆရာ/ ဆရာမ များကလည်း စာတမ်းပေါင်း ၇၁ စောင် ဖတ်ကြား၊ ဆွေးနွေးခဲ့ကြကြောင်း၊ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေးအတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်ရေးဆွဲကာ နိုင်ငံတကာ အကူအညီ ရယူဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းပြသည်။
တက္ကသိုလ်ပညာ သင်ကြားရေးစနစ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံမှ Information Technology University တခု လာရောက် ဖွင့်လှစ်ရန် သဘောတူပြီး ဖြစ်ကြောင်း၊ အလားတူ တောင်ကိုရီးယားနိုင်ငံမှ Korea Development Institue-KDI ကဲ့သို့ Myanmar Development Institue-MDI တခု တည်ဆောက်ရေး အကူအညီပေးခြင်းကို တောင်ကိုရီးယားနိုင်ငံက ၂၀၁၃ တွင် စတင်မည် ဖြစ်ကြောင်း၊ ပညာရေးစနစ် မြင့်မား ရန် ချက်ချင်းလုပ်ဆောင်၍ မရနိုင်ဘဲ အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များကို Center of Excellence များအဖြစ် စံနမူနာပြ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဦးကိုကိုလှိုင်က ဆိုသည်။
ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများကိုလည်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များလက်သို့ ဝကွက် မအပ်ဘဲ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအတွက် အဆင့်မြှင့်တင်ခြင်းသာ ဖြစ်ကြောင်း ဦးကိုကိုလှိုင်က ရှင်းပြသည်။
ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်သင်တန်းများ ဖွင့်လှစ်ရေးနှင့် ကျောင်းသားသမဂ္ဂ ကိစ္စရပ်များမှာ သက်ဆိုင်ရာ အမျိုးသားပညာရေး ကောင်စီက ဆုံးဖြတ်ရမည်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာဦးမြင့်၏ စာတမ်းတွင် အဓိကအားဖြင့် ရန်ကုန်တက္ကသိုလ်သည် အမျိုးသားအမွေအနှစ်ဖြစ်ပြီး အာရှတွင် အကောင်းဆုံး၊ အကြီးကျယ်ဆုံး တက္ကသိုလ်ဖြစ်ခဲ့ကြောင်း၊ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသည် ရန်ကုန်တက္ကသိုလ်မှ စတင်ခဲ့ကြောင်း၊ မြို့ပြင်ရောက် တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၏ အကြီးမားဆုံး ဆန္ဒမှာ ပင်မ ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲ ပြန်ရောက်ချင်ခြင်းဟု သိရှိရကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် အိမ်ရာမြေဈေး ထောင်တက်မှုကြောင့် လုပ်ငန်းရှင်များ မျက်စိကျစရာ နယ်မြေ ဖြစ်လာကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်သင့်ပြီး ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုသင့်ကြောင်း အပါအဝင် ရန်ကုန်တက္ကသိုလ် ပြန်လည် စည်ကားရေး နှင့် ဂုဏ်သိက္ခာမြှင့်တင်ရေး ကိစ္စရပ်များအား ရေးသား ထားသည်။
ယနေ့ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲကိစ္စနှင့် ပတ်သက်၍မူ ဒေါက်တာဦးမြင့် နေပြည်တော် ရောက်ရှိ နေသည့်အတွက် အကြောင်းကြား ထားခြင်း မရှိကြောင်း ဦးကိုကိုလှိုင်က ဆက်လက် ပြောဆိုသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့်ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ဦးမြင့်က ၎င်း၏ ပေးစာသည် သမ္မတ ရုံးနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ သမ္မတ ၏ စီးပွားရေး အကြံပေး တဦးအနေဖြင့် ပုဂ္ဂလိက အိတ်ဖွင့် ပေးစာ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် အရေးအကြီးဆုံးမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးပင် ဖြစ်ကြောင်း၊ ကျောင်းဆရာဟောင်း တဦးအနေဖြင့် အစိုးရနှင့် ကျောင်းသား လူငယ်များ အကြား ဆက်ဆံရေး ကောင်းမွန်စေလိုသည့် စေတနာ ကြောင့် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော် တက္ကသိုလ် ကျောင်းသားဘဝတုန်းက အဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ကျောင်းသား သမဂ္ဂ အကြောင်း ရေးတာပါ၊ အဲဒီ အတွက် တိုင်းပြည် မပျက် သွားပါဘူး”ဟု ဦးမြင့်က ဧရာဝတီသို့ ပြောသည်။
ဦးမြင့်၏စာတမ်းအပေါ် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ဦးမြင့်နှင့် နိုင်ငံတော် သမ္မတ အကြံပေးများအကြား သဘောထား ကွဲလွဲမှုရှိနေ နိုင်သည်ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းသမား တချို့က သုံးသပ်သည်။
“ဦးမြင့်ရေးထားတဲ့ စာတမ်းထဲမှာ ရန်ကုန်တက္ကသိုလ်ကို ဟောင်းလောင်းမထားဘဲ ကျောင်းသားကျောင်းသူ တွေနဲ့ ပြန်စည်ကားအောင်လုပ်စေချင်တာ ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုဖို့နဲ့ ကျောင်းကြီးကို အရင်ကလိုပဲ အာရှမှာ အဆင့်အတန်းမြင့်မား ဂုဏ်သိက္ခာရှိအောင် လုပ်ခိုင်း တာပဲလေ။ အပြုသဘောတွေချည်းပဲ။ အဲဒါကို သတင်းစာ ရှင်းလင်းပွဲလုပ်တယ် ဆိုတော့ သမ္မတနဲ့ သမ္မတအကြံပေးတွေက ဦးမြင့်ရေးတာတွေကို လက်မခံနိုင်ပုံဘဲ။ သဘောထား မတူတာ အဓိကလို့ပဲ ထင်တယ်။ ဒေါက်တာဦးမြင့် သမ္မတ အကြံပေးအဖြစ်က နုတ်ထွက်တာမျိုး ဒါမှမဟုတ် ထုတ်ပယ်တာမျိုး ဖြစ်လာနိုင်တယ်” ဟု ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်ညွှန်ကြားချက်အရ ပြုလုပ်ခြင်းဖြစ်ပြီး သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ဦးဆောင်ကာ ကျန်အကြံပေးများဖြစ်ကြသည့် ဒေါက်တာနေဇင်လတ်၊ ဦးစစ်အေးနှင့် ဒေါ်ခင်မျိုးမြင့်တို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။
ဆက်စပ် သတင်း –
– ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွံ့ဖြိုးရေး သမ္မတအကြံပေး ဦးမြင့် တိုက်တွန်း
– ကျောင်းတံခါးတွေ ဖွင့်စေချင်