ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အလမျိုးအင်း အနီး နေထိုင်သူ ၉ ဦးအား အာဏာပိုင်များက ငါးခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးထားခြင်းကို ဒေ သခံ လူထုက မြို့ပေါ်တက် ဆန္ဒပြခဲ့သဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
အလမျိုးအင်းအနီးနေထိုင်သော အလမျိုး၊ ဥတို၊ ချောင်းဖျားနှင့် လက်ပန်စဉ့်ကုန်း ကျေးရွာများမှ ရွာခံ ၁၆၀ ကျော်က အင်းနှင့် ၅ မိုင်ခန့်ဝေးသော ဓနုဖြူမြို့ပေါ်ရှိ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်ရဲစခန်းရှေ့တွင် အင်္ဂါနေ့က သွားရောက် ဆန္ဒပြခဲ့ပြီးနောက် အာဏာပိုင်များက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ယင်းအမှုအားကူညီဆောင်ရွက်ပေးနေသူ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့ကပြောသည်။
“ခြွင်းချက်မရှိကို လွှတ်ပေးရမယ်၊ ဒါက ရဲတွေအနေနဲ့ ဒီလူတွေ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ မှတ်တမ်းလိုချင်လို့ သူခိုးမဟုတ်ဘဲနဲ့ သူခိုးဖြစ်ရတယ်။ လက်မခံဘူးဆိုပြီး ဆန္ဒပြအဖွဲ့က တောင်းဆိုတဲ့အခါ အာဏာပိုင်တွေဘက်ကလည်း ဒီအမှုကို စွဲချက် မတင် ထိုက် ဆိုတာမျိုးနဲ့ လွှတ်လိုက်တာခင်ဗျ” ဟု HRDP အဖွဲ့ဝင် ကိုကျော်လွင် က ဧရာဝတီကို ပြောသည်။
အဆိုပါ အရပ်သား ၉ ဦးကို အလမျိုးအင်းအတွင်း ငါးခိုးဖမ်းမှုဖြင့် ယခုလ ၁၇ ရက်နေ့က ပုဒ်မ ၃၇၉ ဖြင့် စွပ်စွဲဖမ်းဆီးခဲ့ သကဲ့သို့ အခြား ဒေသခံ ၂၈ ဦးကိုလည်း ယင်းပုဒ်မဖြင့်ပင် တရားစွဲဆိုရန် အင်းကို လုပ်ကိုင်ခွင့် ရရှိထားသူ ဦးဆန်းဝင်းက ပြင်ဆင်ထားခြင်း ကိုလည်း အာဏာပိုင်များက ဆန္ဒပြသည့်နေ့တွင်ပင် ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။
ဆန္ဒပြ ကျေးရွာသားများက ၎င်းတို့တောင်းဆိုခဲ့သော အချက် ၃ ချက်အနက်မှ ၁ ချက်သာ ရရှိသေးသဖြင့် ကျန်ရှိနေသေး သော အလမျိုးအင်းအား ဒေသခံများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်နှင့် ယင်းအင်းကို စည်းကမ်းချိုးဖောက်၍ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်အား လုပ်ကိုင်ခွင့်ပယ်ဖျက်ပေးရန် တောင်းဆိုချက်များပြေလည်မှုရရှိသည်အထိ ဆက်လက် ဆန္ဒပြ တောင်းဆိုသွားမည်ဟု ဆိုသည်။
“တောင်းဆိုတဲ့ ၃ ချက်ထဲက ၁ ချက်ဖြစ်တဲ့ ကျုပ်တို့လူတွေတော့လွတ်ပြီ။ ကျန်တဲ့ ၂ ချက်အတွက် ညှိနှိုင်းပေးပါ့မယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ငါးဦးစီးက ပြောတဲ့အတွက် ကျနော်တို့ ဆန္ဒပြမှုကို ရပ်ထားတယ်။ ညှိနှိုင်းမှု အဆင်မပြေဘူး၊ ကျုပ်တို့ လုပ်ကိုင် စားသောက်ခွင့် မရဘူးဆိုရင် ဆက်ပြီးမြို့ပေါ်တက် ဆန္ဒပြမယ်ဆိုတာ သူတို့ကိုလည်း ပြောထားတယ်”ဟု ချောင်းဖျား ရွာသားတဦး က ဧရာဝတီသို့ ပြောသည်။
အလမျိုးချောင်းနှင့် အဆိုပါအင်းကြီးကို ယခင်က အနီးရှိကျေးရွာအုပ်စု ၉ စုမှ လွတ်လပ်စွာ ရေချိုး အသုံးပြုခြင်း၊ ငါးဖမ်းခြင်းများ ပြုလုပ် နိုင်ခဲ့သော်လည်း စစ်အစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းရှင်များလက်သို့အပ်ကာ ချောင်းများ၊ အင်းများကို ပိတ်ဆို့၍ ငါးမွေးမြူခြင်းပြုလုပ်ပြီး အဆိုပါချောင်းနှင့် အင်းအတွင်း ဝင်ရောက် ငါးဖမ်းခြင်း၊ ရေချိုးခြင်းပြုလုပ်ပါက ဖမ်းဆီး အရေးယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါ အလမျိုး ချောင်းနှင့် အင်းကို ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှတဆင့် ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်သို့ လေလံ ပေး ၍ လုပ်ကိုင်ခွင့်ချပေးထားခြင်းဖြစ်ကြောင်း၊ အလမျိုးအင်းကို ယခုအခါ ပုဂ္ဂလိက လုပ်ငန်းရှင် ဦးဆန်းဝင်းထံ လေလံပေး လုပ် ကိုင်ခြင်းအား ရပ်ဆိုင်းထားကြောင်း စုံစမ်း သိရှိရသည်။
ဒေသခံရွာသားများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အဖြစ် နွေရာသီတွင် ဧရာဝတီမြစ်အတွင်း သဲသောင်ပြင်များပေါ်တွင် ကွမ်းရွက်နှင့် ကညွှတ်ပင်တို့ကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ အနီးရှိ အလမျိုးအင်းကို ဒေသခံများ လုပ်ကိုင်ခွင့် “ဘုံသားအင်း” အဖြစ် ရရှိရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းတွင် အလမျိုးအင်း ကဲ့သို့ တောင်းဆိုမှုမျိုး ပျံ့နှံ့လျက်ရှိပြီး တခြားသော မြို့နယ် ၃ ခုတွင် အင်း ၄ အင်းမှ ဒေ သခံများကလည်း တောင်းဆိုမှုများ လုပ်ဆောင် နေကြသည်။
ဓနုဖြူမြို့နယ် ငါးနေအင်း၊ ကျုံပျော်မြို့နယ် ရှားခဲအင်းနှင့် အင်းရဲကြီး၊ ဟင်္သာတ မြို့နယ် ဒူးယားအင်း တို့အနီးတွင် နေထိုင်သူ ဒေ သ ခံများက ၎င်းတို့ မိရိုးဖလာ လုပ်ကိုင်ခဲ့ကြသော အဆိုပါအင်းများကို လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့်“ဘုံသားအင်း”အဖြစ် ရရှိရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများကို တောင်းဆိုနေကြသည်။
ယင်းသို့ တောင်းဆိုနေမှုများရှိနေသော အင်းများကို သက်ဆိုင်ရာဒေသ ငါးလုပ်ငန်း ဦးစီးဌာနက လေလံပေး လုပ်ကိုင်ခွင့်များ ဆိုင်းငံ့ထားပြီး ဧရာဝတီတိုင်း ဝန်ကြီးအပါအဝင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များ က ညှိနှိုင်းဆွေးနွေး ခြင်းများပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။