စစ်ကိုင်းတိုင်း ခနီ္တးခရိုင် ဟုမ္မလင်းဒေသရှိ ကျေးရွာများတွင် ရွှေတူးဖော်ရေးလုပ်ကိုင်နေသော ကုမ္ပဏီ ၆ ခုသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့မှ ကြားဝင်ဆောင်ရွက် တားမြစ်မှုကြောင့် ရွှေလုပ်ကွက်များမှ ထွက်ခွာသွားရပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ဟုမ္မလင်းမြို့နယ်တွင်းရှိ တုန်ခံကျေးရွာမှ ရှမ်းတိုင်းရင်းသား လယ်သမား ၁၂ ဦးက တရားစွဲဆိုခဲ့သည့်အမှုကို တရားရုံးက လက်ခံ ဆောင်ရွက်နေစဉ် ရသတ္တပတ် အတွင်းတွင်ပင် အထက်ပါအတိုင်း ကြားဝင်ဆောင်ရွက် ပေးမှုကြောင့် ကုမ္ပဏီများ ထွက်ခွာသွားရခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေတူးလုပ်ငန်းမှ စွန့်ထုတ်လိုက်သော ပြဒါးသင့်ရေများ၊ သဲများနှင့် ကျောက်စရစ်များက လယ်မြေဧက ၃၀၀ ကျော်ကို ဖုံးလွှမ်းသွားခဲ့ပြီး သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် လယ်သမားများက အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။
“ရွှေတူးတဲ့ကိစ္စကို တားပေးပါဆိုပြီးရွှေမျှောစာတွေနဲ့ သဲတွေ၊ ကျောက်တွေ စုပုံနေတဲ့ကိစ္စကိုပေါ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးဖို့ ဆောင်ရွက်ပေးပါဆိုပြီး လျှောက်တယ်။ ဟုမ္မလင်းတရားရုံးက အမှုကို ၁၁ ရက်မှာ လက်ခံလိုက်တယ်။ မြို့နယ် တရားရုံးက ယာယီတားဝရမ်း အတွက် ကြားနာနေတုန်းမှာပဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သတ္ထုတွင်း ဝန်ကြီးဌာနက ဝင်ဆောင်ရွက်ပေးလို့ ၂၃ ရက်နေ့မှာ ရွှေလုပ်ကွက် ကုမ္ပဏီ ၆ ခု အပြီးသိမ်းသွားရတယ်” ဟု ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူက ဧရာဝတီသို့ ပြောသည်။
သဘာဝအခွင့်အရေးများကို ခံစားရန် ကာကွယ်ရေးအတွက် ပြဌာန်းထားသော သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၅၅ အရ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ တရားစွဲဆိုခြင်း၏ သီးခြားရလဒ်တခုအဖြစ် တရားရုံးသို့ လျှောက်ထားစဉ်တွင်ပင် စီမံခန့်ခွဲရေးက ဆောင်ရွက်ပေးသဖြင့် ယခုကဲ့သို့ ကုမ္ပဏီများ သိမ်းသွားခြင်း ဖြစ်ကြောင်း ကိုဖိုးဖြူက ရှင်းပြသည်။
လယ်သမားများ၊ အလုပ်သမားများ၏ ဥပဒေရေးရာကိစ္စများအား ကူညီလုပ်ဆောင်ပေးနေသော ကိုဖိုးဖြူကို ရှမ်းတိုင်းရင်းသား လယ်သမားများက ဆက်သွယ် အကူညီတောင်းခံလာသည့်အတွက် ဟုမ္မလင်း တရားရုံးသို့ အမှုတိုင်ကြားနိုင်ရန် ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဤဥပဒေအရ တရားစွဲဆိုခြင်းမှာ ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။
“သဘာဝပတ်ဝန်းကျင် ဥပဒေကို အသုံးပြုတာမျိုး မရှိခဲ့ဖူးဘူး။ အခုမှ စသုံးတာဖြစ်တဲ့အတွက် တာဝန်အရမ်းကြီးပါတယ်။ ဥပဒေနဲ့ အညီ မြေယာဖော်ထုတ်ဖို့၊ ဥပဒေနဲ့ အညီ ကြီးကြပ်ဖို့က တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သတ္ထုတွင်း ဝန်ကြီးမှာပဲ တာဝန်ရှိတာပါ။ လယ်သမားတွေ ၆ လကြာ ဆောင်ရွက်ခဲ့ပေမယ့် တိုးတက်မှု မရှိခဲ့ဘူး။ အခုတော့ တရားရုံးကို စတင်ပြီး တပတ်အတွင်းမှာပဲ အခြေအနေ ပြောင်းလဲသွားတယ်” ဟု ကိုဖိုးဖြူက ဆိုသည်။
မြို့နယ်အာဏာပိုင်များထံမှ လုပ်ငန်းလုပ်ခွင့်ရထားသော သတ္တုတူးဖော်ရေး ကုမ္ပဏီ ၆ ခု ဖြစ်သည့် စွမ်းထက်ဝင်း၊ ရွှေဝတီ၊ ငုဝါဝင်းရွှေ၊ ဌေးဝင်းထွန်း၊ အောင်တိုင်းစံနှင့် ရွှေတောင်ကြား ကုမ္ပဏီတို့က ခနီ္တးခရိုင် ဟုမ္မလင်းမြို့နယ် နောင်တောကျေးရွာအုပ်စုတွင်းရှိ တုန်ခံကျေးရွာ အပါအဝင် မြန်မာပြည် အနောက်မြောက်ဘက်ဒေသ ချင်းတွင်းမြစ်၊ ဥရုချောင်းရိုး တလျှောက်တွင် ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီ ၆ ခုအနက် စွမ်းထက်ဝင်း၊ ရွှေဝတီနှင့် ရွှေတောင်ကြား ကုမ္ပဏီများသည် အစိုးရအား ရွှေပေးသွင်းရန် ပျက်ကွက်ခဲ့သည့်အတွက် မေ ၃၀ ရက်နေ့တွင် နောက်ဆုံး ပေးသွင်းရန် ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာ များမှတဆင့် သတိပေး ကြေညာထားသည်။
ရွှေတူးဖော်ရေးအတွက် တုန်ခံကျေးရွာရှိ ဟွေ့ဖလာအင်းနှင့် ဥရုချောင်းတို့မှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ယူသည့်အတွက်လည်း ရွာသူရွာသားများ ရေအခက်အခဲ ကြုံနေရကြသကဲ့သို့ ပြန်လည်စွန့်ထုတ်လိုက်သော ပြဒါးအဆိပ်သင့်ရေများနှင့် ရွှေမျှောစာ စွန့်ပစ်ပစ္စည်းများက ဟွေ့ဖလာအင်း အနိမ့်ပိုင်းဒေသများရှိ လယ်မြေများတွင်း စီးဆင်းသွားကာ လယ်ယာ သီးနှံများ ဆုံးရှုံးရခြင်း ဖြစ်သည်။
ယခု ကုမ္ပဏီများ ထွက်ခွာသွားပြီးနောက် တောင်သူများ စိုက်ခင်းများ ပြန်လည် စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။
“စိုက်ပျိုးတဲ့အဆင့်ထိ ရောက်အောင် တချို့လယ်တွေက လုပ်လို့ရပေမယ့်တချို့လယ်တွေက လုပ်လို့မရဘူးပေါ့။ လုပ်လို့ရတဲ့လယ်တွေအတွက်ပြန်စိုက်ပျိုးထွန်ယက်တာကို လုပ်ပြီး လုပ်လို့မရတဲ့ လယ်တွေအတွက်က တရားရုံးကိုဆက်လက်ပြီး သီးနှံပျက်စီးသွားတဲ့အတွက် လျော်ကြေး ဆက်တောင်းရဦးမှာပါ” ဟု ကိုဖိုးဖြူက ဆိုသည်။