၁၉၈၈ အရေးတော်ပုံကာလကို အခြေခံတဲ့ “လွမ်းစိမ့်” ဇာတ်ကားကို ပြင်ဆက်ချက် ၂၅ ချက်နဲ့ ဖြတ်တောက်ပြီးမှ ပြသခွင့်ပြုလိုက်တာဟာ ပြန်ကြားရေးဝန်ကြီး ဌာနက လူပုဂ္ဂိုလ်တွေ သူရဲဘောကြောင်ပြီး အမှန်တရားကို ရင်ဆိုင်ဖို့ သတ္တိနည်းနေသေးတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်း၊ ဒါရိုက်တာ ချိုတူးဇော်က ဝေဖန်လိုက်ပါတယ်။
“ဒီလူတွေမှာ ကြောက်စိတ် အရမ်းကြီးနေတုန်းပဲ။ သူတို့တွေဟာ အမှန်တရားကိုလည်း မဖော်ထုတ်ရဲဘူး။ အမှန် တရားကိုလည်း ရင်မဆိုင်ရဲဘူးသေးဘူး။ သူရဲဘော ကြောင်နေသေးတုန်းပဲလို့ ကျနော်မြင်တယ်” လို့ ဒါရိုက်တာ ချိုတူးဇော်က ဧရာဝတီကို ပြောပါတယ်။
၁၉၈၇ ခုနှစ် ငွေစက္ကူအသိမ်းခံရတဲ့ အကြောင်းအရာ၊ ၁၉၈၈ ခုနှစ် ကျောင်းသား အရေးတော်ပုံ၊ အဲဒီကာလတွေမှာ
ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားတွေရဲ့ဘ၀ စတာတွေကို ရိုက်ကူးထားတဲ့ “လွမ်းစိမ့်” ဇာတ်ကားဟာ “၈၈ အရေးအခင်းကို ပြန်လည်ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်၊ နည်းပေးလမ်းပြထားသော နိုင်ငံရေး ဇာတ်ကားဖြစ်သည်” ဆိုတဲ့ မှတ်ချက်နဲ့ ၂၀၁၀ ပြည့်နှစ်မှာ ဆင်ဆာပိတ် ခံထားရတာပါ။
ဒီဇာတ်ကားဟာ ပြန်ကြားရေးဝန်ကြီးက ၂၀၀၀-၂၀၁၂ ခုနှစ်အတွင်း ဆင်ဆာခွင့်ပြုချက် ရမထားတဲ့ ဇာတ်ကားတွေကို ပြန်လည်ပြင်ဆင်ပြီး ခွင့်ပြုမယ်လို့ ညွှန်ကြားလိုက်တဲ့ ၄၁ ကားထဲမှာ ပြန်လည်ပြသခွင့် ရလာတဲ့ ဇာတ်ကားပါ။
ဒါပေမယ့် နာရီဝက်စာလောက် ဖြတ်တောက်ခံရပြီးမှ ဆင်ဆာခွင့်ပြုချက် ရခဲ့တယ်လို့ သိရပါတယ်။
၈၈ ကျောင်းသား အရေးတော်ပုံဖြစ်လာရခြင်းရဲ့ အဓိက အခြေခံအကြောင်းအရာ ဖြစ်တဲ့ ၁၉၈၇ ခုနှစ် ငွေစက္ကူ အသိမ်းခံရတဲ့ ကိစ္စတခုလုံးကို ဖြတ်တောက်လိုက်ပြီးမှ ပြန်လည်ပြသခွင့်ပြုလိုက်တာဖြစ်ပြီး ၈ လေးလုံးအရေးတော်ပုံဟာ လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ ဆိုးသွမ်းတဲ့ ကျောင်းသားတွေက အခြေအမြစ်မရှိ ရန်ဖြစ်ရာကနေ ဖြစ်ပေါ်လာတဲ့ပုံစံ လမ်းကြောင်းပေါ်ကို ရောက်အောင် ဆွဲသွင်းလိုက်ခြင်းဖြစ်တယ်လို့ ဒါရိုက်တာ ချိုတူးဇော်က ဆိုပါတယ်။
“၁၉၈၇ ခုနှစ် စက်တင်ဘာ ငွေစက္ကူကိစ္စ ကြေညာတာဟာ ၈၈ အာဏာ မသိမ်းခင်က ဖြစ်ရပ်ပါ။ အရင် အစိုးရရဲ့ လုပ်ရပ်ပါ။ လက်ရှိအစိုးရကိုရော ဒီအစိုးရရဲ့ ဇစ်မြစ်ဖြစ်တဲ့ ပြီးခဲ့တဲ့ စစ်အစိုးရကိုရော ဘာမှ မထိခိုက်ပါဘူး။ ဒီအတွက် လွှတ်ပေးသင့် ပါတယ်လို့ ဆင်ဆာက လူကြီးတွေကို အကြိမ်ကြိမ် သွားဆွေးနွေးတယ်။ ဒါပေမယ့် သူတို့က ခါးခါးသီးသီးကိုမပေးဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် “လွမ်းစိမ့်” ဇာတ်ကားဟာ ပြည်ပရောက်မြန်မာတွေရဲ့ ဝိုင်းဝန်း ကန့်ကွက်ခြင်းကို ခံခဲ့ရတဲ့ ကွယ်လွန်သူ ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးခဲ့တဲ့ “အာရုဏ်ဦးမှာဖူးသည့်ကြာ” ဇာတ်ကားနဲ့လည်း ခေတ်ပြိုင်ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ကတော့ ဆင်ဆာ တင်စရာမလိုဘူးပေါ့ဗျာ။ သူ့ ဒါရိုက်တာနဲ့ သူ့တီဗီမှာ လွှင့်တာဆိုတော့ ဒီကားပြပြီးတော့ ကျနော့်ကားလည်း ဆင်ဆာတင်တယ်။ သူတို့က တော်တော်ကြောက်တယ်ဗျ။ ကျနော့်ကားမှာ အစိုးရကို ပုတ်ခတ်ထားတာ ဘာမှမပါဘူး။ အမှန်အတိုင်း တင်ပြထားတယ်။ အပြုသဘော တင်ပြထားတယ်။ အဲဒါကို ရင်မဆိုင်ရဲတာဗျ” လို့ ဒါရိုက်တာက ပြောပါတယ်။
ဒီဇာတ်ကားကို စက်မှုတက္ကသိုလ်ကျောင်းပုံစံ တည်နေရာများနဲ့ အနီးစပ်ဆုံး တူညီမယ့် နေရာတွေကို ရွေးချယ်ပြီး ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ အင်းစိန် ကျမ်းစာကျောင်း စတဲ့ နေရာတွေမှာ အဓိက ရိုက်ကူးခဲ့တဲ့အပြင် အဲဒီခေတ် ကျောင်းသားတွေရဲ့ ဝတ်စားနေထိုင်ပုံတွေကအစ အနီးစပ်ဆုံး တူအောင် ရိုက်ကူးထားတာလို့ သိရပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်ကောင်နာမည်တွေ ဟာလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ ကျောင်းသားတွေရဲ့ နာမည်တွေကို သုံးစွဲထားတာပါ။ သရုပ်ဆောင် ရဲတိုက်၊ ပြေဇင်၊ အေးမြတ်သူ၊ နိုဘယ်လ်ကျော်ကျော်တို့ ပါဝင်ထားပါတယ်။
ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း တက္ကသိုလ်ကျောင်း နောက်ခံပြုတဲ့ ဇာတ်ကားတွေ ပြန်လည်ပေါ်ထွက်လာတဲ့အပေါ် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ကျနော်တို့လည်းကျောင်းသားဘဝက လာခဲ့တာလေ။ အခုအချိန်အထိလည်း ကျောင်းဘဝကို လွမ်းဆွတ်နေတုန်းပါပဲ။ အခုလိုမျိုး ကျောင်းနောက်ခံပြုတဲ့ ရန်ကုန်တက္ကသိုလ်ပဲ ဖြစ်ဖြစ်၊ မန္တလေး တက္ကသိုလ်ပဲ ဖြစ်ဖြစ် တက္ကသိုလ် နောက်ခံပြု ဇာတ်လမ်းတွေ ပေါ်ထွက် စေချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဆင်ဆာအဖွဲ့ အနေနဲ့ကတော့ လတ်တလောမှာ အရင်ပြသခွင့် ပိတ်ပင်ထားတဲ့ ဇာတ်ကားတွေ မရှိတော့ သလောက်အထိ ဖြစ်အောင် ဖြတ်တောက် ပြန်လည်ပြင်ဆင်ပြီးမှ ခွင့်ပြုနေတာပါ။
ဒီလို ဆင်ဆာထိ ဇာတ်ကားတွေ ပြန်ပြခွင့်ရနေပြီဆိုတော့ နောက်နောင်မှာလည်း အရင် စစ်အစိုးရ လက်ထက်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ ဇာတ်ကားမျိုးတွေ ရိုက်ကူး ပြသမယ်ဆိုရင် ဆင်ဆာခွင့်ပြုချက် အားဖြင့် ပြသပုံပေါ် မူတည်ပြီးမှသာ လွတ်လပ်ခွင့် ရနိုင်မယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
“ပြတဲ့ပုံစံပေါ် မူတည်လိမ့်မယ်လို့ ထင်တယ်။ ဒီအတိုင်း ပြမယ်ဆိုရင်တော့ အခုအခြေအနေမှာ ခွင့်ပြုပေးချေ ဘယ်လိုမှ မရှိဘူးလို့ ယူဆပါတယ်။ ထုတ်လုပ်သူတွေ အနေနဲ့ကတော့ ငွေကြေးရင်းနှီးရမှာဆိုတော့ မစွန့်စားရဲတာတော့ အမှန်ပဲ။ ဒါပေမယ့် ကျနော်တို့ အနုပညာသမားတွေ အနေနဲ့က ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ အပြစ်ပုံချမနေဘဲနဲ့ သမိုင်းမှာဒါတွေ ဖြစ်ခဲ့တယ် ဆိုတာလေး ကိုတော့ ဖော်ကျူးနိုင်မှသာ အနုပညာသမားတွေ တာဝန်ကျေမယ်လို့ ထင်ပါတယ်။ ဒီလို လွတ်နိုင်မယ့် နည်းလေးတွေနဲ့ ဖော်ကျုးနိုင်မယ် ဆိုရင်တော့ လွတ်မြောက်ကောင်း လွတ်မြောက်ပါလိမ့်မယ်” လို့ သူက ရှင်းပြပါတယ်။
မကြာခင်မှာ လွမ်းစိမ့်ဗီဒီယို ဇာတ်ကားအပြည့်အစုံကို မြန်မာပရိသတ်များ ကြည်ရှုနိုင်အောင် youtube ဝက်ဘ်ဆိုက်မှာ တင်ပြီးပြသပေးသွားမယ်လို့လည်း ဒါရိုက်တာ ချိုတူးဇော်က ပြောပါတယ်။