ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင် မယ်လ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များထဲမှ မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ နေထိုင်သူများ ရှိနေ ကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။
“ပြန်တဲ့ လူတွေက အထူးသဖြင့် မြို့မှာ နေတဲ့လူတွေက ပြန်နေကြတယ်၊ ဒီနယ်စပ်ဒေသကနေ ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခ သည် တွေကတော့ ပြန်တာ မတွေ့သေးဘူး”ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်း က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မတ်လမှ စတင်၍ တလတွင် အနည်းဆုံး ၁၀ အိမ်ထောင်စုခန့် တဖြည်းဖြည်း ပြန်နေကြပြီး အများစုမှာ ကုလသမဂ္ဂ ဒုက္ခ
သည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တရားဝင် အသိအမှတ် မပြုခံရသေးသူများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်ပရောက်များ ပြည်တွင်းသို့ ပြန်လာရန် ဖိတ်ခေါ်လိုကြောင်း ယခုလ ၁၂ ရက်နေ့က သမ္မတရုံးတွင် ကျင်းပသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲ၌ သမ္မတ ဦးသိန်းစိန် က ပြောဆိုသည့် အချိန်နှင့်လည်း တိုက် ဆိုင်နေသည်။
တိုင်းပြည် ပြုပြင်ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပတွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာပညာရှင်များ၊ ဘာ သာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်မျိုးစုံလုပ်ကိုင်နေသူများ ပြန်လာကြရန် ဖိတ်ခေါ်လိုကြောင်း ဦးသိန်း စိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
စောထွန်းထွန်းကမူ သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်နှင့် ဆက်စပ်မှု မရှိကြောင်း၊ မြို့ပေါ်ရှိ ဒုက္ခသည်များနှင့် နီးစပ်သည့် ဆွေမျိုး များက ပြန်ခေါ်ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောသည်။
“ကျနော့် အမြင်ကတော့ ဒီမှာပဲ ဆက်နေသင့်ပါတယ်၊ ပြန်ဖို့ အချိန်မတန်သေးပါဘူး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာက လည်း အခုမှ ဆွေးနွေးစ ကာလပဲ ရှိသေးတယ်၊ အများကြီး ဆက်ဆွေးနွေးစရာ ရှိသေးတယ်၊ လက်ရှိ အစိုးရကို လူထုက ရွေးကောက်တင်မြှောက်ပြီး စစ်မှန်တဲ့ အစိုးရလို့ လက်ခံလို့ မရနိုင်သေးဘူး၊ အဲဒါကြောင့် ကျနော်တို့ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိမှသာ ဒုက္ခသည် အနေနဲ့ ပြန်မယ်ဆိုရင် ပိုပြီးတော့ လုံခြုံမှုရော၊ စိတ်ချမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ်လို့ ယုံကြည်တယ်”ဟု စော ထွန်းထွန်းက ဆက်ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည်စခန်း ၉ ခုရှိသည့် အနက် မယ်လဒုက္ခစခန်းသည် ဒုက္ခသည် ၅ သောင်းခန့် နေထိုင်သော စခန်း တခု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နှင့် အတူ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ မေလ ၃၁ ရက်တွင် လာမည် ဖြစ်ကြောင်း သိရသည်။
မယ်လ ဒုက္ခသည် စခန်း အပါအဝင် အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ဒုက္ခသည် စခန်း ၇ ခုနှင့် ကရင်နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ပြီး ၎င်း စခန်းများတွင် ဒုက္ခသည် တသိန်း ခြောက်သောင်း ခန့် ရှိကြောင်း ကူ ညီကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။ ဒုက္ခသည်များသည် ၁၉၈၃ ခုနှစ်မှ စတင်၍ မြန်မာ အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။
မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေစဉ် ဒုက္ခသည်များ၊ ပြည်တွင်း ရွှေ့ ပြောင်း ဒုက္ခသည်(IDPs)များ ပြန်လည် နေရာချထားရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိက ကိစ္စတရပ် အနေဖြင့် ထည့်သွင်း လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ထို့အပြင် ထိုင်းအာဏာပိုင်များကလည်း ဒုက္ခသည်များ မြန်မာပြည် ပြန်ပို့ရေးနှင့် ပတ်သက်၍ ဒုက္ခသည်များ၏ အနာဂတ် အရေးသ ဘောထား အမြင်များ စုဆောင်းခြင်း အပါအဝင် ပြီးခဲ့သည့် မတ်လက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းတချို့တွင် အလွတ် သဘော စစ်တမ်း ကောက်ယူခဲ့ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။
မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး သဘောတူညီချက်ရလျှင် ထိုင်း မြေပေါ်မှ ဒုက္ခသည်စခန်းများ ကိုပိတ်မည်ဖြစ်၍ ဒုက္ခသည်များ အနေဖြင့် မည်သို့လုပ်ဆောင်မည်ကို ထိုင်းအာဏာပိုင်များက သိလိုခြင်းသာ ဖြစ်သည်ဟု ဆို သည်။
ထိုင်းတာဝန်ရှိသူများ အနေနှင့် စစ်တမ်း ကောက်ယူမှုများ ရှိနေသော်လည်း ဒုက္ခသည် စခန်းများကို ပိတ်၍ ဒုက္ခသည်များကို နေ ရပ်ပြန်ပို့မည့် ဆုံးဖြတ်ချက် မရှိသေးကြောင်း ကြားသိရသည်။
လာမည့် ဇွန်လဆန်းပိုင်း၌ မယ်လဒုက္ခသည် စခန်းတွင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ ကရင် ဒုက္ခသည် ကော် မတီ(KRC)က ဦးဆောင်၍ အစည်းအဝေးတခု ကျင်းပရန်အတွက် ဒုက္ခသည် စခန်း ၇ ခုမှ တာဝန်ရှိသူများနှင့် UNHCR မှ တာဝန် ရှိသူများကို ဖိတ်ခေါ်ရန် စီစဉ်ထားကြောင်း တာဝန်ရှိသူ တဦးက ပြောဆိုသည်။