အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟမ်ဆင်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည် ဖြစ်သည်။
မာမိုဟမ်ဆင်း၏ အဆိုပါ ၃ ရက်ကြာ ခရီးစဉ်သည် အိန္ဒိယ ဝန်ကြီးချုပ်များ၏ ၂၅ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပြီး ၎င်းနှင့် အတူ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ်အမ် ခရစ်ရှနား၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အိန္ဒိယ စီးပွားရေး လုပ်ငန်း အဖွဲ့အစည်းများမှ စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်မည်ဟု သိရသည်။
မာမိုဟမ်ဆင်းနှင့် အဖွဲ့သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ကိစ္စများ၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ဂိတ်များ အသစ်ထပ်မံ သတ်မှတ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ ကားလမ်း၊ ရထားလမ်းများ ပြုပြင်ဖောက်လုပ်ရေးများ အပြင် သမ္မတ ဦးသိန်းစိန်၏ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘော တူညီထားသည်များကို ပြန်လည်သုံးသပ်မှုများ ပြုဖွယ်ရှိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။
အဆိုပါ သဘောတူညီမှုများတွင် ထမံသီရေကာတာနှင့် ရေအားလျှပ်စစ် စီမံကိန်းကိစ္စ၊ ကုလားတန် စီမံကိန်း ကိစ္စများလည်း ပါဝင်ပြီး အိန္ဒိယ နိုင်ငံမှ ပေးအပ်မည့် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ၊ ကျန်းမာရေး ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပါဝင်သည်။
ထို့အပြင် အိန္ဒိယတောင်ပိုင်း ချန်နိုင်းနှင့် ကာလကတ္တားမှ ရန်ကုန်သို့ ခရီးသည်တင် သင်္ဘော ပြေးဆွဲရေး၊ အိန္ဒိယ မြန်မာ နှစ်နိုင်ငံ လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းရေး၊ အိန္ဒိယမြန်မာနယ်စပ် မဏိပူရ်ပြည်နယ် အင်ဖားလ်မြို့မှ မန္တလေးသို့ ခရီးသည်တင် ယာဉ်လိုင်းများပြေးဆွဲရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးရန် ရှိသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ ကြာမြင့် လှပြီဖြစ်ပြီး ယမန်နေ့ကမူ မာမိုဟမ်ဆင်းက အစိုးရအဖွဲ့ အစည်းအဝေးတွင် အဆိုပါ ယာဉ်လိုင်းပြေးဆွဲမှု အတွက် သဘောတူ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း၊ မြန်မာဘက်ကမူ မာမိုဟမ်ဆင်းနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးပြီးသည့်အခါ သဘောတူ လက်မှတ် ရေးထိုးဖွယ်ရှိကြောင်း ဆိုသည်။
မာမိုဟမ်ဆင်းနှင့် အဖွဲ့သည် ရန်ကုန်သို့လည်း သွားရောက်မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း မေ ၂၉ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်၌ တွေ့ဆုံမည်ဟု သိရသည်။
ထို့အတူ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်ဌာန (Myanmar Development Resource Institute) တို့ ပူးပေါင်းစီစဉ်သော ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် မာမိုဟမ်ဆင်းက “အိန္ဒိယနှင့် မြန်မာ၊ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် မိတ်ဆွေများ” ဆိုသည့် ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားရန် ရှိသည်ဟု သိရသည်။