ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံတွင် ယမန်နေ့ နံနက်ပိုင်းက စတင် အစာငတ်ခံ ဆန္ဒပြ နေကြသော အလုပ်သမား ၂၀၀၀ နီးပါးအနက် အလုပ်သမ ၂၅၀ ကျော်မှာ ကျန်းမာရေးထိခိုက်မှု ရှိနေကြောင်း သတင်းရရှိသည်။
၎င်းတို့စက်ရုံမှ ထမင်းဟင်း ချက်မကျွေးတော့သဖြင့် အစာငတ်ခံ ဆန္ဒပြလျက်ရှိရာ အမျိုးသမီးငယ်၂၅၀ ကျော်မှာ အဟာရဓာတ်ချို့တဲ့ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်းဖြစ်ကြောင်း စက်ရုံ အလုပ်သမား ခေါင်းဆောင် မသီတာထွန်း က ဧရာဝတီသို့ ပြောသည်။
“ကျမတို့ကို ဆန္ဒပြလို့ဆိုပြီး မနေ့မနက်ကစပြီး သူတို့က ဘာမှ ချက်မကျွေးတော့ဘူး။ အဲဒီကနေ အလုပ်သမားအကုန်လုံးက အစာ မစားဘဲ ဆက်ပြီးဆန္ဒပြတာ ဒီနေ့ညနေအထိပဲ။ ဒီအဆောင်မှာ နေတဲ့လူတွေအားလုံး ရေ၊ မီး ဘာမှမပေးတော့ဘူး။ အခု အစာ မစားရလို့ အားပြတ်ပြီး နေမကောင်းဖြစ်နေတဲ့ လူ ၂၀၀ ကျော်ကိုလည်း ဆေးကုမပေးဘူး။ ပစ်ထားတယ်”ဟု မသီတာထွန်း က ပြောပြသည်။
Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမများကလည်း အခြေခံ လစာ တိုးပေးရေးနှင့် တင်းကျပ်သော စည်းမျဉ်းများ နှင့် အလုပ်သမား အခွင့်အရေးများ တောင်းဆိုထားမှုကို ယခုလ ၉ ရက်နေ့က စတင်တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဒုတိယမြောက် နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင် ၇ ဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး တောင်းဆိုချက်များကို သဘောတူခဲ့ပြီးဖြစ်သည်။
သို့သော်လည်း အလုပ်ပြန်ဆင်းချိန်တွင် အလုပ်ရှင်က တောင်းဆိုမှု သဘောတူညီချက်များကို လိုက်လျော မပေးနိုင်ဟု ဆိုကာ ယခုလ ၁၆ ရက်နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ကိုယ်တိုင် လာ ရောက် ဖြေရှင်းကာ ထပ်မံ၍ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်ကိုလည်း အလုပ်ရှင်ဘက်မှ ထပ်မံ ဖျက် သိမ်းခဲ့ပြန်သဖြင့် အလုပ်သမားများကမကျေနပ်ဘဲ ဆက်တိုက်ဆန္ဒပြလာခဲ့ကြခြင်းဖြစ်သည်။
“ကိုရီးယား လူမျိုးတွေက ညီမတို့ အလုပ်သမားတွေကို ညတုန်းက ကိုယ်ထိလက်ရောက် ဆောင့်တွန်းတယ်။ ကိုရီးယားလို ဆဲ တယ်။ ရိုက်တယ်။ အဲဒီလိုလုပ်တော့ ကလေးတွေအကုန်လုံးက စိတ်တွေဆိုးပြီးတော့ လုံးဝ မခံနိုင်ဘူးဖြစ်နေကြတယ်”ဟု မသီတာထွန်း က ဆက်ပြောသည်။
ထိုသို့ဖြစ်ပွားပြီးနောက် စက်ရုံပိုင်ရှင် ကိုးရီးယားလူမျိုးအား အလုပ်သမားများက ဝိုင်းဝန်း ဆန္ဒပြခဲ့ကြသည်။ အလုပ်သမားများ အကြား ပိတ်မိနေသည့် ကိုရီးယားနိုင်ငံသားအား ရန်ကုန်အခြေစိုက် ကိုရီးယား သံရုံးတာဝန်ရှိသူများနှင့် မြန်မာအစိုးရ အာဏာပိုင်များက နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှုမရှိစေရန်ဟုဆိုကာ ယနေ့မနက် ၅ နာရီက စက်ရုံတွင်း ဝင်ရောက် ခေါ်ထုတ်သွားခဲ့သည်။
ကိုးရီးယားလူမျိုးအား ခေါ်ဆောင်သွားစဉ်က အလုပ်သမားရုံးအဖွဲ့တာဝန်ရှိသူများနှင့် ကိုးရီးယားသံရုံးတာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၃ နာရီတွင် အလုပ်သမားများ၏ တောင်းဆိုချက်ကို လာရောက်ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ညနေ ၅ နာရီခွဲထိ ရောက်ရှိမလာခဲ့သဖြင့် အလုပ်သမားများမှာ ဆက်လက်ဆန္ဒပြလျက်ပင် ရှိနေသည်။
“ကိုရီးယားသံရုံးကလူတွေကလည်း သူတို့လူမျိုးကို သေချာအာမ ခံသွားတယ်။ လေဘာရုံးကလည်း အာမခံသွားတယ်။ အဲဒီအချိန် မလာတော့ ဖုန်းဆက်တော့ မကိုင်ဘူး။ လေဘာရုံးကို ဖုန်းဆက်တော့လည်း လေဘာရုံးကလူတွေက ဖုန်းပိတ်ထားတယ်။ ညီမတို့ ကိုလည်း ပြန်လွှတ်လိုက်ပြီ”ဟု မသီတာထွန်း က ပြောဆိုသည်။
လတ်တလောတွင် ကျန်းမာရေးမကောင်းသူများကို ဆေးကုသပေးမည့်သူများလည်း မရှိသေးကြောင်းနှင့် အစိုးရဘက်မှလည်း ထိရောက်သော အကူအညီများလုပ်ဆောင်ပေးမှု မရှိသေးကြောင်း အလုပ်သမားများက ပြောသည်။
အလားတူ အစာငတ်ခံဆန္ဒပြမှုမျိုး ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် Crown သမဏိစက်ရုံရှိ အလုပ် သမား ၂၀ ကျော်ကလည်း ပြုလုပ်နေသည်။
ထိုစက်ရုံအလုပ်သမားများမှာ လုပ်အားခ တရက်လျင် ၁၆၀ ကျပ် ရရှိနေမှုကို ၅၀၀ ကျပ် ထိ တိုးမြှင့်ပေးရန် တောင်းဆိုနေပြီး ပြေလည်မှုမရသဖြင့် ယနေ့ ၇ ရက်မြောက်နေ့တွင် အစာငတ်ခံ ဆန္ဒပြ နေခြင်းဖြစ်ကြောင်း သိရ သည်။
“ကျနော်တို့က စက်ရုံရှေ့မှာပဲ အစာငတ်ခံပြီး အေးအေးဆေးဆေးထိုင် ဆန္ဒပြတယ်”ဟု Crown သမဏိစက်ရုံ ဆန္ဒပြ အလုပ် သမား တဦးဖြစ်သူ ကိုဇော်ထက် က ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များတွင် ဧပြီလ ၂၈ ရက်နေ့မှစတင်ကာ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့မှ စက်ရုံ ၉ ခု တွင် အခြေခံ လစာ တိုးပေးရေးနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုခြင်းများကို ပြုလုပ်နေကြပြီး ပြေလည်မှုမရရှိသေးပေ။
အလုပ်သမားများမှာလည်း အလုပ်မဆင်းဘဲဆန္ဒပြနေခြင်းဖြစ်သဖြင့် ဝင်ငွေထိခိုက်မှု၊ စားဝတ်နေရေးပိုမိုကြပ်တည်းမှုနှင့် အလုပ် ဆက်မဆင်းလျှင် အလုပ်ထုတ်မည်ဟု အလုပ်ရှင်၏ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေကြရကြောင်း အလုပ်သမားများထံမှ စုံစမ်း သိရှိရသည်။