ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ကရင်တော်လှန်ရေး ပြောက်ကျားတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ် အစိုးရတပ်က သိမ်းယူခဲ့သော ခြံမြေများကို ပြန်ရရှိရန် ပိုင်ရှင်အရပ်သားများက သမ္မထံတိုင်ကြား၍ တောင်းဆိုလျက်ရှိပြီး မရရှိပါက ဆန္ဒပြမည်ဟု ခြံပိုင်ရှင်များက စစ်တပ်ကို သတိပေး ပြောဆိုလိုက်သည်။

မြောင်းမြမြို့နယ် တဇင်ကုန်းကြီး ကျေးရွာအုပ်စုပိုင် ဥယာဉ်ခြံမြေ ဧက ၂၈၀ ကျော်ကို ၁၉၉၁ ခုနှစ်က ကရင်တော်လှန်ရေး အဖွဲ့များနှင့် အစိုးရတပ်တို့ ဖြစ်ပွားခဲ့သော အုံးပင်စုတိုက်ပွဲ ကာလကတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၉၃) က နယ်မြေစိုးမိုးရေးကို အကြောင်းပြ၍ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမြေများကို မူလပိုင်ရှင်များက ပြန်ရရှိရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
“သမ္မတကြီးဆီကိုလည်း အထောက်အထားတွေနဲ့တကွ ကျနော်တို့ ထပ်စာတင်ထားပါတယ်။ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ဘယ်လိုမှ ဖြေရှင်းမပေးဘူး။ အကြောင်းပြန်ခြင်းလည်း မရှိဘူးဆိုရင်တော့ ကျနော်တို့ ဘိုးဘွားပိုင်မြေတွေ ပြန်ရဖို့အတွက် ဆန္ဒပြတောင်းဆိုရလိမ့်မယ်” ဟု လယ် ၈ ဧက အသိမ်းခံထားရသူ ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
မူလပိုင်ရှင် ၄၆ ဦးထံမှ သိမ်းယူထားသော ထိုဥယျာဉ်ခြံမြေများထဲတွင် သီဟိုပင်များကို အဓိက စိုက်ပျိုးထားပြီး ဝါးနှင့် တခြား သီးနှံပင်များကိုလည်း စိုက်ပျိုးထားကာ စစ်တပ် ရန်ပုံငွေအဖြစ် ပုဂ္ဂလိကလုပ်ငန်းရှင်များထံ သီးစားခယူ၍ လေလံပေး လုပ်ကိုင်ခွင့်ပြုထားကြောင်း ခြံပိုင်ရှင်များက ဆိုသည်။
တခြား ခြံပိုင်ရှင်တဦးကလည်း “ဟိုတုန်းကတော့ စစ်တပ်ခေတ်ဆိုတော့ ကျနော်တို့ တောင်းလည်း ကိုယ့်ပစ္စည်းနဲ့ကိုယ် ထပ်နာဖို့ပဲ ရှိတယ်လေ။ အခုဟာ သမ္မတကြီးကလည်း ဒီမိုကရေစီနိုင်ငံလို့ ပြောလာတော့ ကျနော်တို့ မြေတွေကို တရားမျှတစွာနဲ့ ပြန်ပေးဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။
ယင်းခြံမြေများ ပြန်ရရှိရေးနှင့် ပတ်သက်၍ ခြံပိုင်ရှင်များစုပေါင်းကာ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အကူအညီဖြင့် သမ္မတဦးသိန်းစိန်ထံ ယခင်နှစ် အောက်တိုဘာလပိုင်းက စာပို့တိုင်ကြားခဲ့ပြီး ၂ လအကြာတွင် သမ္မတအမိန့်ဖြင့် နေပြည်တော် စစ်ရုံးက ကွင်းဆင်း၍ တပ်နှင့် ခြံရှင်များကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တိကျသော အဖြေကို ခြံရှင်များထံ အကြောင်းပြန်ခဲ့ခြင်းမရှိဟု သိရသည်။
ထို့ကြောင့် ခြံရှင်များက ယခုနှစ် ဧပြီလတွင် မြောင်းမြမြို့ပေါ်တက်၍ သက်ဆိုင်ရာအစိုးရ ရုံးများရှေ့သို့ သွားရောက်ကာ ဆန္ဒပြတောင်းဆိုကြရန် တင်ပြရာတွင် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးက အထက်ကို စာတင်ပေးမည်ဟုဆိုသဖြင့် စောင့်ဆိုင်းခဲ့ကြပြီး ယခုလအတွင်း အကြောင်းပြန်ကြားလာခြင်း မရှိပါက ဆန္ဒပြကြရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
အလားတူ ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု လယ်သမားများထံမှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကြံ့ခိုင်ရေးပါတီတို့က သိမ်းယူထားသော လယ်ဧက ၂၀၀ ကျော် ပြန်ရရှိရေး ဖြေရှင်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ NLD ပါတီမှ လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက ယခုလ ၁၆ ရက်နေ့က စာပို့ တိုင်ကြားထားကြောင်းသိရသည်။
ထိုလယ်မြေများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကြံ့ခိုင်ရေးပါတီတို့က သိမ်းယူပြီး ငါးမွေးကန်များပြုလုပ်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကို ရန်ပုံငွေရရှိရေးအတွက် လုပ်ကိုင်ခွင့်ချပေးထားသည်။ ယင်းအခြေအနေကို သမ္မတထံ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ရွာ ၄ ရွာမှ တောင်သူ ၁၅၀ ကျော်၏ ခြံမြေ ဧက ၇၀၀ ကျော်အား ရဲသင်တန်းကျောင်း ဆောက်ရန်နှင့် တပ်မြေအဖြစ် သိမ်းယူရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက သမ္မတဦးသိန်းစိန်ထံ စာရေးသားပေးပို့ တိုင်ကြားခဲ့သေးသည်။