မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာပြီး အရှုံးပေါ်လျက်ရှိကာ လုပ်ငန်းများကို မီးစက်များနှင့် လည်ပတ်ရသဖြင့် ထုတ်ကုန်ပစ္စည်း အရင်းအနှီးများလည်း ပိုမိုကုန်ကျလျက်ရှိကြောင်း သိရသည်။
“မီးက လာမယ့်အချိန်မလာတော့ ကျနော်တို့လုပ်ငန်းတွေမှာ မီးစက်တွေကိုပဲ သုံးရတယ်။ အဲဒီလိုသုံးတဲ့အတွက် ဆီအတွက် ကုန်ကျစရိတ်က ပိုလာပြီ။ မီးစက်တနာရီကို တဂါလံနှုန်းနဲ့ပဲ တွက်ကြည့်ပါဦး။ တနာရီ တဂါလံကို ၄၆၀၀ ကျပ် လွှင့်ပစ်လိုက်ရပြီလေ” ဟု ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသည့်အထဲတွင် ပါဝင်သည့် မန္တလေးမြို့ခံ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။
မီးမလာသည့်အတွက် ၎င်း၏ လက်ဖက်ရည်ဆိုင်တွင် မီးစက်ကို အချိန်ပြည့် နှိုးပေးရမှုအပေါ် ကုန်ကျစရိတ် ပိုမိုလာသည့်အတွက် မကျေနပ်သောကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
မီးစက်များနှိုးပြီး လုပ်ငန်းများ လည်ပတ်သော်လည်း စားသောက်ကုန်ကို ပုံမှန်ဈေးထက် ဈေးတက်မယူကြကြောင်း၊ တဖက်နှင့် တဖက် အပြိုင်ဆိုင်လုပ်ရသည့်အတွက် မိမိစားသောက်ကုန်ကို ဈေးတက်လိုက်ပါက မိတ်ပျက်သွားမည်ကို စိုးရိမ်သည်ဟု လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ပိုင်ရှင်များက ပြောဆိုကြသည်။
လျှပ်စစ်မီးများ ပြတ်တောက်ပြီးသည့် နောက်ပိုင်း ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ တက်သွားသည်။ ဒီဇယ် တဂါလံလျှင် ကျပ် ၄၀၀၀ အထိရှိပြီး ဓာတ်ဆီတဂါလံမှာ ၄၆၀၀ ကျပ် ရှိသည်။
ကွန်ပျူတာနှင့် အင်တာနက်ဆိုင်များလည်း အချိန်ပိုင်း ကန့်သတ်ပြီး ဖွင့်လှစ်လျက်ရှိကြောင်း၊ တနေ့လျှင် ၁၅ နာရီ ဖွင့်လေ့ရှိသော အင်တာနက်ဆိုင်များမှာ ယခုအခါ မီးအခြေနေကိုကြည့်ပြီး တနေ့လျှင် ၁၀ နာရီပတ်ဝန်းကျင်သာ ဖွင့်လှစ်တော့ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ ကုန်ထုတ်လုပ်နေသော အစိုးရပိုင် စက်ရုံအလုပ်ရုံများနှင့် ပုဂ္ဂလိကပိုင် ကုန်ထုတ်လုပ်မှုများအား ယာယီရပ်ဆိုင်းထားရန် လျှပ်စစ်ဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်းက မေလ ၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“နိုင်ငံတော်ပိုင်ရော၊ ပုဂ္ဂလိပိုင်ရော အကုန်လုံးကို ထုတ်လုပ်မှုတွေ ယာယီရပ်ဆိုင်းထားဖို့ ကျမတို့ မေတ္တာရပ်ခံထားပါတယ်၊ ဘာလို့လဲဆိုတော့ လျှပ်စစ်ဓာတ်အားက လုံးဝမရှိတော့ဘူး။ အများပြည်သူကို ဦးစားပေးရတော့မယ်” ဟု ဒေါ်အေးအေးမင်းက ပြောသည်။
ပုဂ္ဂလိက စက်ရုံတချို့မှာမူ မီးစက်ဖြင့် လည်ပတ်နေသေးသော်လည်း ရေရှည်တွင် ဆက်လက်လုပ်ကိုင်နိုင်မည်မဟုတ်ဟု ပြောဆိုကြသည်။
“သူတို့ပြောတာက လျှပ်စစ်မရတာ ဆည်ထဲမှာ ရေမရှိလို့ မရတာလို့ ပြောတယ်။ မကြာခင် မိုးရာသီရောက်ပြီး မိုးတွေ ရွာလာရင် ပုံမှန်ပြန်လည်ပတ်လာမှာပဲ။ အဲဒီအတွက် လောလောဆယ်တော့ စက်ရုံဝန်ထမ်းတွေနဲ့ ကုန်ပစ္စည်းတွေကို အခက်ခဲမရှိအောင် ကျနော်တို့ဘက်ကနေ အရှုံးခံပြီး လည်ပတ်နေပါတယ်” ဟု မန္တလေးစက်မှုဇုန်ရှိ ဂျုံစက်တခုမှ မန်နေဂျာကပြောသည်။
မုံရွာနှင့် တခြားသော မြို့များတွင်လည်း လက်ရှိအခြေနေအထိ စက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်လျက် ရှိနေသေးကြောင်း သိရသည်။
မေလ ၂၀ ရက်နေ့မှစ၍ မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်ဖြင့် စုပေါင်းဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် ယခုအခါ အများပြည်သူအတွက် မီးပေးရန် မီးစက်ကြီးများ ရောက်ရှိလာပြီး ရပ်ကွက်များကို အလှည့်ကျ ပေးဝေမှုများ ရှိသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။
“ကျနော်တို့ဘက်မှာ မနေ့ညနေ ၅ နာရီ ပျက်သွားတဲ့ မီးက ည ၁၁ ပြန်လာတယ်။ အဲဒါ အခု မနက် ၁၁ အထိ လာနေတယ်။ နောက်အခု ၁၁ နာရီက ပျက်သွားမယ်။ ညနေ ၅ နာရီ သို့မဟုတ် ည ၁၁ နာရီမှ ပြန်လာမယ်။ အလှည့်ကျဆို တော့ ညဦးပိုင်းရတဲ့ ရပ်ကွက်တွေက အဆင်ပြေပေမယ့် ညဉ့်နက်ပိုင်း ရတဲ့သူတွေက အရင်လိုပါပဲ” မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမျိုးနိုင်က ပြောသည်။
မန္တလေး မြို့ခံ ဦးကံမောင်ကလည်း ထပ်မံရောက်ရှိလာသည့် မီးစက်များကို မြို့နယ်လျှပ်စစ်ရုံးက ယခုမှ နေရာချ စီမံနေခြင်းဖြစ်ပြီး ယခင်ရက်ပိုင်းက မီးစက်ကို ကားပေါ်တင်၍ ရပ်ကွက်အတွင်း အလှည့်ကျ မီးပေးခဲ့ကြောင်း၊ ရေတင်ခြင်းနှင့်တခြား လှျှပ်စစ်သုံးစွဲမှုများအတွက် ယခုအထိ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ပြောသည်။
“မီးအားကတော့ နည်းနေတုန်းပဲ။ အခု မီးစက်တွေရောက်လာပြီ၊ ဝေမယ်ပြောတယ်။ ရက်ကွက်ထဲမှာ ပြောနေတာက ဆင်ဖိုးထက် ချွန်းဖိုးကြီးမှာ ကြောက်နေတယ်။ သူတို့က ဒီဇယ်ဖိုးဆိုပြီး ရပ်ကွက်ကို လာကောက်ခံမှာလည်း ဒီမှာ စိုးရိမ်တာပေါ့” ဟု ဦးကံမောင်က ဆိုသည်။
မန္တလေးမြို့တွင် ယမန်နေ့က ပြုလုပ်သော လျှပ်စစ်ကိစ္စ သတင်းစာရှင်းလင်းပွဲ၌ တိုင်းကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ထွဋ်က
မန္တလေးသို့ နောက်ထပ် မီးစက် ၉ လုံး ထပ်မံရောက်ရှိကြောင်း၊ နောက်ပိုင်းတွင်လည်း မဟာဓာတ်အားလိုင်းမှ သီးခြား ခွဲထွက်ကာ မန္တလေးအတွက် လိုအပ်သည့် လျှပ်စစ်ထုတ်လုပ်မှုများ ပြုလုပ်ရန် မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် တိုင်းကော်မရှင်ရုံးမှ တာဝန်ရှိသူများ စီစဉ်လျက်ရှိကြောင်း၊ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်း၊ ကျောက်ဆည်မြို့မှ သွယ်တန်းထားသော ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ကို ယူကာ ဂက်စ်တာဘိုင်တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း ပြောသွားသည်။
ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။