ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ အား လိမ်လည်ပြောဆိုမှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ယနေ့ တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။
“ဦးခင်ရွှေက လယ်သမားတွေ လက်ငုပ် လုပ်ကိုင်နေတဲ့ လယ်တွေကို နိုင်ငံတော်က သိမ်းတယ်ဆိုပြီး လိမ်တယ်၊ နိုင်ငံတော် က သိမ်းတာ မဟုတ်ဘဲ လိမ်ပြောတဲ့အတွက် လိမ်လည်မှုနဲ့ ပါ”ဟု လယ်သမားများ ၏ အကျိုးဆောင်ဖြစ်သူ ဦးနေမျိုးဝေ က ဧရာဝတီ ကို ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ် သမား ၈၀ ကျော် ၏ လယ်မြေဧက ၈၅၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းလယ်မြေများအား နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် နိုင်ငံတော်က သိမ်းယူခြင်းဖြစ်၍ လျော်ကြေး ပေး ရန်မလိုအပ်ဟု ဦးခင်ရွှေက ပြောဆိုကြောင်း၊ သို့သော် ၎င်းက သဒ္ဓါကြေး အဖြစ် ကျပ် ၃ သိန်း ပေးခြင်းဖြစ်သည်ဟုလည်း ပြော ဆိုခဲ့ကြောင်း လယ်သမားများ က ပြောပြသည်။
လယ်ယာမြေ သိမ်းခံရသည့် လယ်သမားများ ကိုယ်စား လယ်သမားကြီး ဦးကျော်စိန်က တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ထို ကိစ္စ ကို ဥပဒေ ပုပ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှု တို့ဖြင့် စွဲဆိုမည်ဖြစ်ကြောင်း ကူညီဆောင် ရွက်ပေးသူ ရှေ့နေ ဦးဟန်ရှိန်ဝင်း က ဧရာဝတီ ကို ပြောသည်။
၎င်းက“လယ်သမားတွေရဲ့ သဘောတူညီမှု မရဘဲ နိုင်ငံတော်က သိမ်းတယ်လို့ ပြောတာက လိမ်လည်မှု မြောက်ပါတယ်၊ ဒီလို မပြောရင် သိန်းဆယ်ချီတန်တဲ့ လယ်မြေတွေကို ကျပ် ၃ သိန်း လျော်ကြေးနဲ့ ဘယ်ရောင်းမလဲ”ဟု ဦးဟန်ရှိန်ဝင်း က ဆိုသည်။
လယ်သမားများသည် မိမိတို့လယ်မြေများ ပြန်လည် ရရှိရေးအတွက် ရန်ကုန်တိုင်း အစိုးရထံ တင်ပြခဲ့ရာ ထိုလယ်မြေသည် နိုင်ငံတော်က သိမ်းယူထားခြင်း မရှိဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သီးစားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးရန်အတွက် ရန်ကုန်တိုင်း အစိုးရထံ ဇေကမ္ဘာ ကုမ္ပဏီနှင့်လယ်သမားများက ပြီးခဲ့သည့် ဧပြီလ အတွင်း အပြိုင်လျှောက်ထားခဲ့ကြရာ ဦးခင်ရွှေ ကို အနိုင်ပေးလိုက်ကြောင်း လယ်သမားများ က ပြောပြကြသည်။
“အသိမ်းခံထားရတဲ့ လယ်တွေကို သီးစားစနစ်နဲ့ ပြန်လုပ်ခွင့်ရရေး လျှောက်ထားခဲ့ပေမယ့် မရခဲ့ပါဘူး၊ ကျနော်ပိုင်တဲ့ လယ်ဧက ၅၀ အကုန် ပါသွားတယ်၊ ဒီတော့ လယ်လုပ်စရာမရှိတော့တဲ့ အတွက် တရားစွဲဖို့ ပြင်ဆင်ရတာပါ”ဟု ဦးကျော်စိန် က ဧရာဝတီ သို့ ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ က ထိုလယ်မြေများအား ၎င်းတို့ ကုမ္ပဏီက သိမ်းယူခြင်း မဟုတ်ကြောင်း၊ အိုးအိမ် ဦးစီး ဌာနက သိမ်းယူခြင်းဖြစ်၍ ၎င်းနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိုမြေပေါ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းသာ လုပ်ဆောင်ခြင်း ဖြစ် ကြောင်း တုံ့ပြန် ပြောဆိုသည်။
“တရားစွဲချင်းစွဲရင် ကျနော်တို့ကပဲ စွဲရမှာလေ၊ ဒီမြေတွေက ပြီးခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ကျနော်တို့ သီးစားရထားတဲ့ လယ်တွေပါ၊ အခုမှ သူများပိုင်တဲ့ မြေကို အတင်း လိုချင်လို့ ဘယ်လိုလုပ်ရတော့ မလဲ”ဟု ဦးခင်ရွှေ က ဆိုသည်။
ရန်ကုန်တိုင်း အစိုးရအနေဖြင့် လယ်သမားများနှင့်ဇေကမ္ဘာကုမ္ပဏီတို့အား မျက်နှာချင်းဆိုင် ဖြေရှင်းဆောင်ရွက်ပေးသင့် ကြောင်း၊ တဖက်သတ်ဆုံးဖြတ်ပေးခဲ့သည့် တိုင်းအုပ်ချုပ်ရေးအဖွဲ့ကို ယုံကြည်မှု နည်းသွားပြီဖြစ်ကြောင်း၊ ထိုကိစ္စအား အောင်မြင် သည် အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဦးနေမျိုးဝေ က ပြောသည်။
“ဒီကိစ္စကို လယ်ယာမှုခင်း ဖွင့်ပြီးတော့ နှစ်ဦး နှစ်ဘက် ကြားနာဖို့လိုအပ်တယ်၊ အခုက ဦးခင်ရွှေကို တဖက်သတ် အနိုင်ပေး လိုက်တဲ့ တိုင်းအုပ်ချုပ်ရေးအဖွဲ့ကို ယုံကြည်မှု မရှိဘူးလို့ ပါတီအနေနဲ့ သုံးသပ်တယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ၏ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ပြောသည်။
ဦးခင်ရွှေ က“ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ဦးနေမျိုးဝေရဲ့လုပ်ဆောင်ချက်တွေဟာ လယ်သမားတွေအတွက် အကျိုးမရှိတဲ့အပြင် ပိုမိုနစ်နာမှု ဖြစ်စေတယ်၊ တရားစွဲလည်း မရပါဘူး”ဟု ဆိုသည်။
၂၀၁၁ ခုနှစ်အတွင်းကလည်း ဇေကမ္ဘာ ဦးခင်ရွှေသည် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် မွန်ပြည်နယ်အတွင်းရှိ လယ်သမား
များ၏ လယ်မြေများကို လျော်ကြေးငွေ အနည်းငယ်ပေး၍သိမ်းယူခဲ့ရာ အစိုးရထံ တိုင်ကြားသော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ဇေကမ္ဘာ ဦးခင်ရွှေသည် ယခင် နဝတ၊ နအဖ စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ပြီး စစ်အစိုးရ ၏ တတိ ယ အဆင့် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ခမည်း ခမက် တော် စပ်သူလည်း ဖြစ်သည်။