တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ယခင်က တရုတ်နိုင်ငံဘက်က ကုန်သွယ်မှုပိုငွေရရှိနေရာမှ ပြီးခဲ့သည့်၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာဘက်က ပိုငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ခန့်ရှိသည့်အတွက် ပြီးခဲ့ သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ တိုးတက်မှု ရှိလာကြောင်း စီးပွား/ကူးသန်း ဝန်ကြီး အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ မောင်အောင် က ပြောသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် မြန်မာဘက်က ပို့ကုန်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိပြီး သွင်း ကုန်မှာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိခဲ့ကြောင်း၊ ၂၀၁၀-၂၀၁၁ တွင် ပို့ကုန်မှာ ဒေါ်လာ သန်း ၉၃၀ ကျော်ရှိပြီး သွင်းကုန်မှာ ဒေါ်လာ သန်း ၈၆၀ ကျော် ရှိခဲ့ကြောင်းလည်း စီးပွား/ကူးသန်း စာရင်းများအရ သိရသည်။
“မြန်မာနဲ့တရုတ် နှစ်နိုင်ငံကုန်သွယ်မှုမှာ တရုတ်နိုင်ငံက ကုန်သွယ်မှုရှင်းတမ်းအရ အရင်ကဆိုရင် အမြဲတမ်းပိုငွေ ရရှိတယ်။
ဒါပေမယ့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာဘက်က ကုန်သွယ်မှုပိုငွေ ရရှိတာဖြစ်လို့ ခြားနားချက်က အရင်ကလို ကွာခြားချက်
သိပ်မရှိတော့ဘူး။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ မြန်မာနိုင်ငံအနေနဲ့ အလားအလာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်”ဟု ဒေါက်တာ မောင်အောင် က ဆိုသည်။
စီးပွား/ကူးသန်းမှ ထုတ်ပြန်သည့် စာရင်း၌ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ဒေါ်လာ ၃ ဘီလီ ယံ ခန့် ရရှိခဲ့သောကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ၏ ၅၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ တရားမဝင်လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှုများရှိနေ သည့်အတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံခြားဝင်ငွေ ဆုံးရှုံးမှုများရှိနေသည်ဟု သမ္မတ ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့် က မေလ ၁၈ ရက်နေ့က ကျင်းပသော စီးပွားရေးဆိုင်ရာ ဟောပြောပွဲတခုတွင် ပြောဆိုသည်။
“မိုင် ၁၃၈၀ ကျော် ရှည်လျားတဲ့ နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေကို တကယ်တမ်းမှာ လိုက်ပိတ်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဒါကြောင့် တရားမဝင် ဝင်ထွက်နေတာကို တရားဝင် ကုန်စီးဆင်းမှုရှိလာအောင် ပြောင်းလဲဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင်
တရားမဝင် နည်းလမ်းတွေနဲ့ ကုန်စည် စီးဆင်းမှုက ရှိနေဦးမှာပါ”ဟု ဒေါက်တာဦးမြင့် က ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို ဖြေလျှော့ရန် သဘော တူညီမှု ရှိထား၍ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ ကုန်သွယ်မှုကို အဟန့်အတား ဖြစ်စေသည့် မူဝါဒ များကြောင့် လာဘ်စားမှုများ ပေါ်ပေါက်စေသည့်အတွက် မူဝါဒပိုင်း ဆိုင်ရာ၌ ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
စီးပွား/ကူးသန်းမှ အဆင့်မြင့် အရာရှိတဦးကလည်း“မြန်မာနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင် ကုန်စီးဆင်းမှုရှိနေတာ တွေကို လျော့သွားဖို့ အတွက် စီးပွား/ကူးသန်း အနေဖြင့်လည်း နယ်စပ်လမ်းကြောင်းတွေမှာ နယ်စပ်ကုန်သွယ်ရေး စခန်း အသစ် တွေ ကို ထပ်မံ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေ စီးဆင်းတဲ့နေရာမှာ လိုအပ်တဲ့ လိုင်စင်ထုတ်ပေးရေး ကိစ္စကိုလဲ လွယ်ကူလျင်မြန်မှုရှိအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ ဒီလိုဆောင်ရွက်မှပဲ တရားမဝင် ကုန်စည်စီးဆင်းမှုက လျော့ကျ လာမှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိတွင် မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး
စခန်းနှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းတို့သာ ရှိကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ အဓိက ပို့ကုန်အနေဖြင့် သစ်များကို အလုံးလိုက်တင်ပို့မှုရှိနေသည့်အပြင် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာ၊ လယ်ယာထွက်ကုန်၊ တွင်းထွက် ပစ္စည်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို တရားမဝင် တင်ပို့မှုများရှိနေကြောင်း ဒေါက်တာဦးမြင့်က ပြောသည်။
ဒေါက်တာဦးမြင့်က ဆက်လက်၍ တရုတ်နိုင်ငံအနေနှင့် သစ်လုံးတင်သွင်းမှု မြင့်တက်ရသည့် အကြောင်းရင်းသည် ပရိဘောဂ ပြုလုပ်ရန် အတွက် ပြည်တွင်း လိုအပ်ချက် မြင့်နေခြင်း၊ ပြည်ပ ဈေးကွက်အနေနှင့်လည်း ဥရောပ၊ အမေရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ပရိဘောဂ၊ သစ်ခွဲသားနှင့် သစ်အလုံးလိုက်တင်ပို့မှုများ ရှိနေသည့်အပြင် တရုတ်အစိုးရအနေဖြင့် ၁၉၉၈ ခုနှစ်ကဖြစ် ခဲ့သော ယန်စီမြစ်တလျှောက် မြစ်ရေလျှံမှုကြောင့် နိုင်ငံတွင်းရှိ သစ်တောကဏ္ဍကို ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်မှုကို လျှော့ချလိုက်ခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။
“ဒီအချက်တွေကြောင့် တရုတ်နိုင်ငံအနေနဲ့ တရားမဝင် သစ်တင်သွင်းမှုက ကမ္ဘာမှာ နံပါတ် ၁ အဆင့်မှာ ရှိနေတယ်”ဟု ဒေါက်တာ ဦးမြင့် က ဆိုသည်။
မြန်မာနှင့်တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်က လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများ၊ သစ်နှင့် တွင်းထွက် ပစ္စည်းများကို အဓိကတင်ပို့နေပြီး သွင်းကုန်အနေဖြင့် စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းများ၊ လယ်ယာ လုပ်ငန်းသုံး စက် ပစ္စည်း များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အဓိက တင်သွင်းမှုရှိကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လမှ စတင်၍ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိလည်း ဆက်လက် ဖြစ်ပွားမှုများ ရှိနေရာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မည်ကို တရုတ် အာဏာပိုင်များဘက်က စိုးရိမ်မှုများလည်း ရှိနေသည်။ ထို့အပြင် တရုတ်နိုင်ငံသား စီးပွားရေးသမားများကိုလည်း စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း ခရီးသွားလာမှု မပြုလုပ်ရန် သတိပေး တားမြစ်မှုများလည်း ပြုလုပ်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို တရုတ် အာဏာ ပိုင်များက နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ရှေးရှု၍ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို အလေးထားရန် ပြောကြားခဲ့သေး သည်။
အစိုးရငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)တို့သည် ၂၀၁၁ ခု နိုဝင်ဘာလ မှစတင်၍ တရုတ်နိုင်ငံ ရွှေလီမြို့တွင် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ရေရာသည့် ငြိမ်းချမ်းရေး သဘောတူညီချက်များ မရရှိသေးပေ။