မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ရထားပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အိန္ဒိယမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေကို နှုန်းထားသက်သာစွာဖြင့် ပေးအပ်ရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်သည်။

အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟမ်ဆင်း၏ မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း သမတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး ယခုလို သဘောတူညီမှုများ ပြုခဲ့ခြင်းဖြစ်သည်။
လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းကဏ္ဍ၊ ရထားပို့ဆောင်ရေးနှင့် စွမ်းအင် စသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးများတွင် အဆိုပါ ချေးငွေကို အသုံးပြုသွားမည်ဟု နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ ချထားပေးသော ချေးငွေမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ ရှိပြီးဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ ချေးငွေကို အိန္ဒိယအစိုးရလက်အောက်ခံ အိန္ဒိယ သွင်းကုန်ထုတ်ကုန်ဆိုင်ရာ ဘဏ်မှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ ပေးအပ်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ United Bank ၏ ဘဏ်ခွဲတခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာအစိုးရကိုယ်စားလှယ်များကို အိန္ဒိယနိုင်ငံသို့ လေ့ကျင့်သင်တန်းပေးအပ်ရေး၊ ဘဏ်လုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာ ဖလှယ်ရေး ကိစ္စရပ်များလည်း ပါဝင်သည်။
ထို့အပြင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတွင် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ကိစ္စရပ်များဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာများအရ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားလ်မှ မြန်မာနိုင်ငံ မန္တလေးအထိ ဆက်သွယ်မည့် ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲရေးအတွက် နှစ်နိုင်ငံ သဘောတူပြီးဖြစ်သော်လည်း ကားများ စတင်ပြေးဆွဲနိုင်ရေးအတွက် မြန်မာဖက်မှ လိုအပ်သည်များကို အပြီးသတ် ဆောင်ရွက်ရန် ပြောဆိုဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
အိန္ဒိယဖက်မှ အဆိုပါ လမ်းရှိ တံတားများကို အဆင့်မြင့်တင် ပြုပြင်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ကလေးဝ- ယာကြီးလမ်းပိုင်းအတွက် တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာဖက်ကမူ ယာကြီး-မုံရွာ လမ်းပိုင်းအတွက် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ အိန္ဒိယ မြန်မာ ဆက်သွယ်သည့် လမ်းကြောင်းကို ၂၀၁၆ ခုနှစ် မတိုင်မီ အဝေးပြေး လမ်းမကြီးအဆင့်အထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ လမ်းကြောင်းမှ အိန္ဒိယမှ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံအထိ ထိုးဖောက် ဆက်သွယ်မည့် လမ်းဖြစ်၍ “အရှေ့မျှော် ဝါဒ” ကျင့်သုံး၍ မြန်မာနိုင်ငံမှ အာဆီယံနိုင်ငံများသို့ ဆက်သွယ်လိုနေသည့် အိန္ဒိယအတွက် အရေးပါသော ကုန်းတွင်းဆက်သွယ်ရေး လမ်းကြောင်းတခုဖြစ်သည်။
အဆိုပါ လမ်းဖြစ်မြောက်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးပြောဆိုခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်လှပြီဖြစ်ရာ အိန္ဒိယဖက်မှ အဆိုပါ လမ်းနှင့် ကားပြေးဆွဲခြင်းကို ဆောလျင်စွာ ပြုလုပ်လိုလျက်ရှိသည်။
ဝန်ကြီးချုပ် မာမိုဟမ်ဆင်းသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီ ရက်ပိုင်းအလိုကပင် အဆိုပါ အင်ဖားလ်-မန္တလေး ခရီးသည်တင်ကား ပြေးဆွဲရေးအတွင် ၎င်း၏ အစိုးရအဖွဲ့အတွင်း အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး မြန်မာဖက်မှ အပြီးသတ် ဆုံးဖြတ်ချက်ချပြီးလျှင် ကားများ စတင်ပြေးဆွဲရန် ပြောဆိုခဲ့သေးသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပြီး နယ်စပ်ဒေသရှိ နှစ်နိုင်ငံ နယ်နိမိတ်ကျောက်တိုင်များကိုလည်း ပူူးပေါင်းစစ်ဆေးရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသတွင် သွားလာလှုပ်ရှားနေသော အိန္ဒိယ ခွဲထွက်ရေး သူပုန်အဖွဲ့များကို မြန်မာမြေတွင် ခိုအောင်းနေထိုင်ခွင့်၊ အခြေချ သွားလာလှုပ်ရှားခွင့်များ ပြုလိမ့်မည် မဟုတ်ကြောင်း မြန်မာဖက်က ပြောဆိုခဲ့သည်ဟု အဆိုပါ ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့အတူ နှစ်နိုင်ငံ လေကြောင်းလိုင်းများ ပျံသန်းရေးဆိုင်ရာ သဘောတူညီချက်၊ မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာဌာန တည်ထောင်ရေးအတွက် အိန္ဒိယမှ အကူအညီများပေးမည့် နားလည်မှုစာချွန်လွှာ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ဗံနှင့် သုတေသနဆိုင်ရာ ဌာနဖွင့်လှစ်ရေးအတွက် နားလည်မှုစာချွန်လွှာ၊ နေပြည်တော်ရှိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတွင် စပါးဇီ၀ ဥယျာဉ်တည်ဆောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ဒဂုံတက္ကသိုလ်နှင့် ကိုးလ်ကတ္တား တက္ကသိုလ်နှစ်ရပ် ပူးပေါင်း၍ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (MISIS) နှင့် နယူးဒေလီရှိ အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA) တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ နားလည်မှု စာချွန်လွှာများအရ ကမ္ဘာ့လေထုနှင့် ကမ္ဘာမြေကြီးဆိုင်ရာ သိပ္ဗံ၊ စက်မှုသိပ္ဗံ၊ ဓာတုဗေဒ၊ ဆေးသိပ္ဗံ၊ သချၤာပညာ၊ ရူပဗေဒ နယ်ပယ်များတွင် မြန်မာနိုင်ငံမှ သုတေသန ပြုနေသူများအတွက် ပညာတော်သင်ဆု ၁၀ ဆု ပေးအပ်ရေးနှင့် အိန္ဒိယတွင် စီးပွားရေးနှင့် နည်းပညာ သင်တန်းအတွက် မြန်မာနိုင်ငံမှ သင်တန်းသား ၅၀၀ ကို ခေါ်ယူ သင်ကြားမှုများ ပေးအပ်မည်ဟု ပါရှိသည်။
ထို့ပြင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားအား အိန္ဒိယ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းမှုများကိုလည်း ဆွေးနွေးခဲ့ပြီး ရွှေတိဂုံ စေတီတော်ပေါ်တွင် ပူဇော်ခံရန်အတွက် ဉာဏ်တော်အမြင့် ၁၆ ပေရှိသည့် ဗုဒ္ဓဆင်းတုတော်တဆူကို အိန္ဒိယမှ လှူဒါန်းမည်ဟု သိရသည်။
ဝန်ကြီးချုပ် မာမိုဟမ်ဆင်းနှင့် အဖွဲ့သည် အင်္ဂါနေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်။