နော်ဝေ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Torgeir Larsen, ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာအစိုးရ တာဝန်ရှိသူများသည် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) များ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သို့ ယမန်နေ့က သွားရောက်ကြကြောင်း သတင်းရရှိသည်။
KNU မှ စစ်ဖက်ရေးရာကော်မတီ အတွင်းရေးမှူး စောတူတူလေး၊ ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (CIDKP) မှ စော စတိဗ်နှင့် အစိုးရဘက်မှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီတို့ လိုက်ပါသွားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။
“အဲဒီဒေသမှာ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြန်လည် နေရာချပေးဖို့အတွက် စံပြကျေးရွာ နေရာအဖြစ်နဲ့ စပြီးတော့ Pilot project လုပ်နေတယ်။ အဲဒီနေရာကို ဘယ်လိုလုပ်မလဲ ဆိုတာကို သွားပြီးတော့ ကွင်းဆင်းကြည့်တာပါ” ဟု ၎င်းက ဆိုသည်။
KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “အရင်ကတော့ ပြောထားတာ ရှိတယ်။ ကျောက်ကြီးမြို့နယ်မှာ KNU ခရိုင်ဥက္ကဋ္ဌတွေနဲ့ ဆွေးနွေးပြီတော့ စီစဉ်ထားတယ်။ အဲဒီကိစ္စတွေကို နော်ဝေနိုင်ငံမှာရှိတဲ့ NGO တခုကနေ IDPs တွေ နေရာပြန်လည်ချထားဖို့ပဲဖြစ်ဖြစ် ကူညီမယ်လို့ စီစဉ်ထားတယ်” ဟု ပြောသည်။
KNU အနေနှင့် လတ်တလောတွင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ် မရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အခု IDPs တွေကို နေရာချထားဖို့ ကိစ္စနဲ့ သွားသလားဆိုတာ မသိဘူး။ ကျမထင်တာ မသွားသေးဘူးလို့ ထင်တာ၊ အခုသွားတောင် သွားနေပြီ။ ကျမတို့နဲ့တွေ့ဖို့ အစီအစဉ်ရှိတာပေါ့လေ။ တွေ့ပြီမှ သွားမှာလားလို့၊ အခုသူတို့ သွားနေတယ်လို့ ကြားတယ်၊ တိတိကျကျတော့ မသိရသေးဘူး” ဟု နော်စီဖိုးရာစိန်က ပြောသည်။
ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ ပြည်တွင်း၌ စစ်ပြေးဒုက္ခသည် IDPs ၁ သန်းခွဲခန့်ရှိကြောင်း သိရသည်။
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေစဉ် နယ်စပ်ဒေသရောက် ဒုက္ခသည်များ၊ ပြည်တွင်း စစ်ပြေးဒုက္ခသည်များ ပြန်လည် နေရာချထားရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိက ကိစ္စတရပ်အနေဖြင့် လုပ်ဆောင်နေသည်။
ကရင်တိုင်းရင်းသား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ ကိုအယ်နာက ယင်း ပြန်လည်နေရာချထားရေး အစီအစဉ်ကို ကြိုဆိုကြောင်း၊ ဒုက္ခသည်များ၏ သဘောထားများကိုလည်း မေးမြန်းသင့်ကြောင်း ပြောသည်။
“ပြန်နေမယ်ဆို လုံခြုံရေး၊ အစားအသောက်၊ သူတို့ ရှေ့ရေးကဘာလဲ၊ သူတို့ ဒုက္ခသည်တွေနဲ့ သွားပြီးတော့ မေးမြန်းတာ၊ သိရသလောက် ဘာမှ မရှိသေးဘူး” ဟု ကိုအယ်နာက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU ခေါင်ဆောင်များ ဘားအံမြို့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
KNU သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် အစိုးရအဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။