ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။ အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ဧရာဝတီသို့ ပြော သည်။
Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။
မှော်ဘီဆေးရုံကြီးသို့ တင်ပို့ကုသနေရသော ကိုဇော်မင်းလတ်မှာ သွေးဝမ်းများပါသွားနေပြီး စိုးရိမ်နေရကြောင်း၊ နောက်ထပ် အားပြတ် လဲကျခဲ့သူ ကိုတင်ဦး၊ ကိုတင်မိုးဝင်း၊ ကိုသန်းလှစိုး၊ ကိုရဲကိုဦးနှင့် အခြား ၅ ဦးမှာ အစာအိမ်အောင့်ခြင်း ဖျားနာခြင်းနှင့် ကြွက် တက် ဝေဒနာများခံစားနေရပြီး စောင့်လျှောက်ပေးနေလျက်ရှိကြောင်း ဆန္ဒပြသူများကို ကူညီပေးနေသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း ပြောဆိုသည်။
မူလက အစာငတ်ခံ ဆန္ဒပြသူ ၂၅ ဦးသာ ရှိခဲ့သော်လည်း နောက်ထပ် ၁၆ ဦး ထပ်မံဝင်ရောက်လာသဖြင့် ၄၁ ဦးထိ ရှိလာခဲ့ပြီး ဆန္ဒပြသူများက တောင်းဆိုချက်များ လိုက်လျောမှုရသည်ထိ ထိုနေရာမှ ရွှေ့ပြောင်းခြင်းမပြုတော့ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဆန္ဒပြ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
“သူတို့ရဲ့ ရည်မှန်းချက်က သေသွားပစေ၊ အလောင်းကို မသင်္ဂြိုဟ်နဲ့ ဒီမှာပဲ ပုံထား။ တယောက်တည်းကျန် ပစေ တောင်းဆိုမှုများ ပြေလည်သည်အထိ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာ”ဟု အလုပ်သမားများကို ကူညီပေးနေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်(HRDP) အဖွဲ့မှ ကိုကျော်ဝဏ္ဏ က ပြောသည်။
ယင်းသို့တောင်းဆိုနေမှုများနှင့် ပတ်သက်၍ အလုပ်ရှင်ကိုယ်စားလှယ်၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသော်လည်း အလုပ် သမားများ အဓိက တောင်းဆိုသော အခြေခံလစာတိုးပေးရေးကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။
အလားတူ အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမား ခံစားခွင့်များ အတည်ပြုပေးရေးတို့ကို ယခုလ ၉ ရက်နေ့မှ စတင် တောင်း ဆိုမှုများ ပြုလုပ်ခဲ့သော Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၂၀၀၀ ခန့်ကိုလည်း ၂၄ ရက်နေ့မှ စတင်ကာ အစားအသောက်များကို စက်ရုံမှ ချက်မကျွေးတော့ဘဲ ရပ်ဆိုင်းခံလိုက်ရသည်။
ထိုအလုပ်သမားများကို အစိုးရမဟုတ်သော အဖွဲ့များက ကူညီပံ့ပိုးမှုများရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အလုပ်သမား ၂၅၀ ကျော်မှာ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားခေါင်းဆောင် မသီတာထွန်း က ဧရာဝတီသို့ ပြောသည်။
“ကလေးတွေ နေမကောင်းဖြစ်တာက အစာမစားရလို့ အာဟာရချို့တဲ့တာလည်းပါတယ်။ အရင် ဆန္ဒပြတုန်း သူတို့ ထမင်းကျွေး တုန်းက ဝမ်းနှုတ်ဆေးတွေ၊ စိတ်ပျော့ဆေးတွေ ခတ်ထည့်တာလည်း ပါတယ်။ ဟင်းချက်တဲ့လူတွေက သူတို့ကိုယ်တိုင်ကလည်း ဒီဆေးတွေထည့်တဲ့ အကြောင်း ပြောတယ်”ဟု မသီတာထွန်း က ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များအားလုံးကို ယခုလ ၁၀ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ထို သဘောတူစာချုပ်ကို ကိုရီးယား လုပ်ငန်းရှင် က သဘောမတူဟု ဆိုကာ တဖက်သတ်ဖျက်သိမ်းခဲ့သည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် Hi-Mo နှင့် Hi Art စက်ရုံနှစ်ခု အပါအဝင် ဆန္ဒပြနေသည့် စက်ရုံပေါင်း ၁၁ ရုံရှိပြီး တိုးမြင့်အောင်၊ YJ ၊ နေမင်းအောင်၊ အာရှနှင်းဆီ၊ ပုလဲ၊ စပယ်ပွင့် နှင့် Miss Style စက်ရုံ ၇ ရုံမှာ ဝင်ငွေ၊ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့မှု များကြောင့် တောင်းဆိုမှုများ အပြည့်အဝ ရရှိသည်အထိ စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ အလုပ်ရှင်နှင့် ညှိနှိုင်းလစာကို သဘော တူကာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရသည်။
အလုပ်သမားမျာဘက်မှ ဥပဒေအရ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က “ဆန္ဒပြအလုပ်သမားတွေမှာ အကူအညီတွေ လိုပါ တယ်။ ဝင်ငွေမရတဲ့အပြင် အိမ်ကနေ ပိုက်ဆံတောင်းပြီး ဒီကိုလာကြရ၊ ထမင်းဖိုး၊ ရေဖိုးကအစကုန်နေတယ်၊ ရက်ရှည်လများ ဆန္ဒပြနေကြရတဲ့အတွက် စိတ်ဓာတ်ရေးရာ အထောက်ပံ့တွေလိုနေသလို ရုပ်ဝတ္ထု အရလည်း ငွေကြေးအပါအဝင် အစား အသောက် အထောက်ပံ့တွေ လိုပါတယ်။ ဒါမှသာ အလုပ်သမားတွေက ကြံ့ကြံ့ ခံနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သူကဆက်ပြီး“အစောပိုင်းက၊ ၇ ရုံလက်မှတ်ထိုးကြတာလည်း ကြံ့ကြံ့ မခံနိုင်ကြတော့လို့ဖြစ်ပါတယ်။ သူတို့မှာ သောက်စရာက မရှိ၊ အမိုးအကာက မရှိ၊ မိုးရေထဲမှာ တောင်းဆိုနေကြတယ်၊ ဖျားတဲ့လူကဖျား၊ နာတဲ့လူကနာနဲ့ အဲဒါကြောင့်မို့ သူတို့လည်း ရတဲ့ အဖြေ တခုအပေါ်မှာ ကျေနပ်လက်ခံ လိုက်ရတဲ့အခြေအနေတွေဖြစ်သွားတာ၊ ဒါပေမယ့် တောင်းဆိုမှုတွေ အပြည့်အဝ မရရှိသွားပေမယ့် တချို့တဝက်ထိတော့ ရသွားတယ်” ဟု သူက ပြောသည်။
Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံးများအပါအဝင် ငွေကံ့ကော်နှင့် Lucky Shoe တို့မှာ ဇွဲမလျှော့သေးဘဲ တောင်းဆိုမှုများ အပြည့်ဝ ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည်ဟု အလုပ်သမားများကပြောဆိုနေကြသည်။ အခြေခံ လစာတိုးပေးရေးနှင့် အလုပ်သမားခံစားခွင့် တောင်းဆိုမှုများ ထပ်မံတိုးပွားလျက်ရှိပြီး ယနေ့တွင်ပင် ကမ္ဘာ အထည်ချုပ် စက်ရုံနှင့် Star tet စက်ရုံ တို့က ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ထို့အတူ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အရက်များကို ထုတ်လုပ်နေသော IBTC ကုမ္ပဏီ လက်အောက်ရှိ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ဧပြီလ ၂၈ ရက်နေ့ကတည်းကပင် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်က ယခုချိန် အထိ လိုက်လျောပေးမှု မရှိသေးသဖြင့် ဝင်ငွေထိခိုက်နစ်နာမှုများနှင့် ကြုံနေရသည်။