သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တထောင်တန် ပါးရိုက်မှု ငြိမ်သွားချိန်မှာ အခုတခါ အဆိုတော် မျိုးကျော့မြိုင်ရဲ့ လက်ရောက် ကျူးလွန်မှု ဆိုပြီး facebook စာမျက်နှာတွေပေါ် တက်လာပြန်ပါပြီ။
မျိုးကျော့မြိုင်ရဲ့ ဒီအမှုက ဘယ်လောက်တန် မှန်းတော့မသိရ သေးပါဘူး။ မောင်ဟိန်းမင်းသူလို့ အမည်ရတဲ့ ၁၅ နှစ်အရွယ် အိမ်အကူ အလုပ်သမား ယောက်ျားလေးတဦးကို မျိုးကျော့မြိုင်က ပိုက်ဆံခိုးတယ်လို့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။
မောင်ဟိန်းမင်းသူကို RFA သတင်းဌာနက မေးမြန်းထားတဲ့ မေးမြန်းချက်နဲ့ ထိုးကြိတ်ခံထားရလို့ ဒဏ်ရာရထားတဲ့ ဒီလူငယ်လေးရဲ့ ဓာတ်ပုံဟာ ဖေ့ဘုတ် စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပါ။
ထိုးကြိတ်ခံရတဲ့ အလုပ်သမား ဘက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆို အမှုဖွင့်ထားတယ် လို့လည်း သိရပါတယ်။
မျိုးကျော့မြိုင်က RFA သတင်းဌာနကို ဒီကိစ္စ မမှန်ကန်ကြောင်း ပြန်လည်ငြင်းဆန် ဖြေဆိုထားပါတယ်။ ဧရာဝတီသတင်းဌာနက မျိုးကျော့မြိုင်ကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
အဆိုတော် မျိုးကျော့မြိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က လက်ထပ်ခဲ့တဲ့ ဒေါက်တာ သွင်ပပအောင်ကိုလည်း ဂရန်း မီးရထား ဟိုတယ် ရှေ့မှာ ပါးရိုက်ခဲ့တဲ့အတွက် လမ်းမတော် တရားရုံးမှာ တရားစွဲဆိုခံထားရသူပါ။
လက်သံပြောင်တဲ့ မျိုးကျော့မြိုင်ဟာ ၁၉၉၆ ဝန်းကျင် လောက်က မင်းသမီးတယောက်နဲ့ ပြောဆိုထားတဲ့ စကားသံတွေ ပြန့်နှံ့ခဲ့ဖူးသလို လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကလည်း အဆိုတော်မျိုးကျော့မြိုင်ရဲ့ မဖွယ်မရာပြုလုပ်ထားတဲ့ ဗီဒီယို ဖိုင်တွေ အင်တာနက်ပေါ်မှာ ပြန့်နှံ့ပြီး နာမည်ကြီးခဲ့ ပါသေးတယ်။
Rap တေးသီချင်းများကို မြန်မာပြည်နဲ့ ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့သူလည်းဖြစ်တဲ့ အဆိုတော် မျိုးကျော့မြိုင်ဟာ အောင်မြင်တဲ့ တေးသီချင်းများကို ဖန်တီး သီဆိုခဲ့သူလည်းဖြစ်ပါတယ်။
အနုပညာရှင်များနဲ့ အမှုတွေအကြောင်း ပြောရရင်တော့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ နာမည်ကျော် တထောင်တန် လက်ရောက်မှု နိဂုံးချုပ်သွားပြီ ဖြစ်သလို မကြာသေးခင်က အမှုတွေ တသီတတန်းကြီးနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မင်းအုပ်စိုးရဲ့ နောက်ဆက်တွဲ သတင်းတွေလည်း ငြိမ်သက်သွားပြီလို့ ဆိုရမှာပါ။
အခုတခါ အလှည့်ကျရောက်သူ မျိုးကျော့မြိုင်ကကော သူ့အမှုတွေကို ဘယ်လိုများ အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရမယ် ထင်ပါတယ်။
ထိုးကြိတ်ခံရတဲ့ လူငယ်လေးရဲ့ အသံဖိုင်ပါ..။http://soundcloud.com/tibetan-rfa/umn9o5bvvxyi
ဆီးဂိမ်းအတွက် သီချင်းရေးတဲ့ နွဲ့ယဉ်ဝင်း
လာမယ့် ၂၀၁၃ ခုနှစ်မှာမြန်မာက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ အတွက် လိုအပ်တဲ့ တေးသီချင်းတွေကို နာမည်ကြီးတေးရေးဆရာတွေ၊ အဆိုတော်များက ရေးစပ်သီဆိုနိုင်ဖို့ ပြင်ဆင် နေကြပါပြီ။
အားကစားဝန်ကြီးဌာနကနေ ဆီးဂိမ်းပြိုင်ပွဲအတွက် တေးသီချင်းတွေကို ပြိုင်ပွဲကျင်းပပေးပြီး ရွေးချယ်ခံရတဲ့ တေးသီချင်း ၅ ပုဒ်အပြင် စီးရီးတခွေစာ ထွက်ရှိဖို့အတွက် လိုအပ်နေသေးတာကြောင့် အနုပညာရှင်တွေက နောက်ထပ် အားဖြည့် ရေးသားပေးနေ ကြတာပါ။
ဆီးဂိမ်းအတွက် သီချင်းရေးနေကြ သူတွေထဲမှာ တေးရေး၊ အဆိုတော် နွ့ဲယဉ်ဝင်းလည်း တတပ်တအား ပါဝင်နေပါတယ်။ သူက အင်္ဂလိပ်ဘာသာနဲ့ တေးသီချင်းတပုဒ်ကို ရေးသားထားတယ်လို့ သိရပါတယ်။
“ကျမက One common language sea games ဆိုတဲ့ အင်္ဂလိပ်စာသားနဲ့ သီချင်းကို သံစဉ်ကော၊ စာသားပါ ဖန်တီးထားတယ်။ ကျမက သီချင်း notes မရေးတတ်ဘူးဆိုတော့ ကိုဝင်းမော် (ရွှေသံစဉ်) ကို ခေါ်ပြီး notes ရေးဖို့ ကူညီခိုင်းထားပါတယ်။ ကျမ အသံနဲ့ အကြမ်းသွင်းထားတဲ့ ဒီသီချင်းကို ချမ်းချမ်းကို ဆိုခိုင်းဖို့ မှန်းထားတယ်။ ဒီသီချင်းလေးကို ကော်မတီကို မတင်ပြရ သေးပါဘူး” လို့ အဆိုတော် နွဲ့ယဉ်ဝင်းက ဧရာဝတီကိုပြောပါတယ်။
တခြား တေးရေးဆရာတွေကလည်း ရေးသားကြမှာဖြစ်ပြီး အခွေတခွေစာထွက်ဖို့ စီစဉ်ကြမှာလို့လည်း သူက ဆက်ပြောပါတယ်။
အားကစားဝန်ကြီးဌာနက လာမယ့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွေအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီတွေ ဖွဲ့စည်းထားတဲ့ အထဲမှာ အနုပညာနဲ့ သက်ဆိုင်တဲ့ ကော်မတီအတွက် စတီရီယို အဆိုတော်တွေ၊ တေးရေးတွေ၊ တီးဝိုင်းတွေနဲ့ မြန်မာသံပိုင်းက အဆိုတော်တွေ၊ တေးရေးတွေနဲ့ ဆိုင်းပညာရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၆၉ ခုနှစ်ကစတင်ပြီး အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်မရခဲ့ရာကနေ နှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည် ကျင်းပခွင့်ရမှာဖြစ်တဲ့ ဒီပြိုင်ပွဲမှာ အနုပညာပိုင်းက ဘယ်လိုတွေ တင်ဆက်ကြမလဲ ဆိုတာကို ကြိုတင် မှန်းဆနိုင်ဖို့ တင်ပြလိုက်တာပါ။