အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ် သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဘန်ကောက်မြို့သို့ ရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း မဟာချိုင် ဒေ သ သို့ သွားရောက်၍ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမား အဖွဲ့များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများ၌ ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိုင်း အာဏာပိုင်များအပြင် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် ထိုင်း အလုပ် သမားအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် တွေ့ဆုံရန် တိုက်တွန်းသွားမည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို အဓိက ဆောင်ရွက်ပေးနေသော(GHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ် က ဧရာဝတီကို ပြောသည်။
အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခွင့် ရရန် တောင်းဆိုထား သော်လည်း အကြောင်းမပြန်သေးကြောင်း၊ အကယ်၍ တွေ့ဆုံခွင့်ရပါက အထက်ပါ ကိစ္စရပ်များကို ဆွေးနွေး တိုက်တွန်းသွား မည်ဖြစ်ကြောင်း ဦးထူးချစ် က ဆက်ပြောသည်။
“အလုပ်သမားအရေး လုပ်နေကြတဲ့ အလွှာအသီးသီးက လူတွေနဲ့တွေ့ဖြစ်မယ်ဆိုရင် မြန်မာ အလုပ်သမားတွေရဲ့အနာဂတ် အတွက် ပိုမိုအဆင်ပြေမယ်၊ ဒီလူတွေက အလုပ်သမားတွေကိုကူညီနေတာ နှစ်ပေါင်း၂၀ ကျော်ပါပြီ”ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အလုပ်သမားအရေး စိတ်ဝင်တစား လုပ်ဆောင်လာခြင်းကြောင့် ထိုင်းနှင့်မြန်မာ အစိုးရတို့ ကလည်း အလုပ်သမား ကိစ္စအပေါ် ပိုမိုအာရုံစိုက် လုပ်ဆောင်လာမည်ဟု မျှော်လင့်ကြောင်း ဦးထူးချစ်က ပြောသည်။
“ရွှေ့ပြောင်း အလုပ်သမား ပြဿနာတွေ နေ့တိုင်း ဖြစ်ပေါ်နေတဲ့အတွက် ထိုင်း အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဲဆောက်မြို့သို့လည်း သွားရောက်၍ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ လူမှုရေး အဖွဲ့ အစည်းများနှင့်တွေ့ဆုံမည် ဖြစ်ကြောင်း၊ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ထိုင်း သတင်းစာများ က ဆိုသည်။
ဒုက္ခသည် စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါက စခန်းထဲမှ ဒုက္ခသည်များ လုံခြုံ၊ စိတ်ချစွာ အိမ်ပြန်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စများဆောင်ရွက်ပေးရေး တို့ကို တိုက်တွန်းသွားမည်ဟု မယ်လ ဒုက္ခသည်စခန်း၏ ဥက္ကဋ္ဌ
စောထွန်းထွန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက“ဒုက္ခသည်တွေ အိမ်ပြန်ရေး ဖန်တီးပေးဖို့ အမေစုကို ပြောချင်တယ်၊ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မြင်စေချင် တယ်၊ သိစေချင်တယ်”ဟု ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ဦးရေ စုစုပေါင်း တသိန်း ၄ သောင်းကျော် ရှိကြောင်း၊ ၎င်းတို့သည် နိုင်ငံရေး ဖိနှိပ်မှုကြောင့် ထွက်ပြေးလာကြရသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစစ် ရပ်စဲ၍ အမျိုးသားပြန်လည် သင့်မြတ် ရေး ကိစ္စသည် အရေးကြီးကြောင်း စောထွန်းထွန်း က ပြောသည်။
“ဒုက္ခသည်တွေ အိမ်ပြန်ဖို့ အခြေအနေ မရှိသေးပါဘူး”ဟု လည်းဆိုသည်။ ဒုက္ခသည်များ မိမိဒေသ ပြန်နိုင်ရေးအတွက် ကြို တင် ပြင်ဆင်မှု လုပ်ဆောင်ပြီး ပြည်တွင်း တည်ငြိမ်အေးချမ်း၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှိရန် လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေ အရ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှသာ မြန်မာနိုင်ငံသို့ ပြန်ရန် ဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။
မြန်မာ အလုပ်သမားများ တည်ရှိရာ ဒေသများသို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလုပ်သမားများ၏
လုံခြုံမှု၊ အလုပ်သမား အခွင့်အရေး ရရှိမှုများကို ထိုင်း အလုပ်သမား အဖွဲ့များနှင့် ညှိနှှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ယူဆ
ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများ က ပြောသည်။
ထို့အတူ အလုပ်သမားများ မိမိနိုင်ငံသို့ ပြန်လည် လုပ်ကိုင် စားသောက်နိုင်ရေးအတွက် အာမံချက်ရှိမည့် ဥပဒေတရပ် ပေါ်ထွန်း လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ခရီးစဉ်အတွင်း ဘန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့လည်း တက် ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
မဲဆောက် ခရီးစဉ်တွင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဟုသိရသော်လည်း မည်သည့် အဖွဲ့
အစည်း၊ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံမည် ဆိုသည်ကို မသိရသေးပေ။
“ကျမတို့က တွေ့ခွင့်တောင်းထားပေမယ့် အခုချိန်ထိတော့ ဘာမှ တုံ့ပြန်တာ မရှိသေးပါဘူး၊ ဒီတော့ ဘာတွေဆွေးနွေး သွား မယ် ဆိုတာက ပြောရခက်ပါတယ်”ဟု Burma Partnership အဖွဲ့မှ ဒေါ်ခင်ဥမ္မာ က ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ မထွက်ခွာမီ ယနေ့တွင် ရန်ကုန်မြို့၌ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံကြောင်း သိရသည်။