မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
မေ ၂၄ ရက်နေ့က မြန်မာအနုပညာရှင် ၇ ဦးနှင့် နိုင်ငံခြား အနုပညာရှင် ၅ ဦးတို့ ပူးပေါင်း၍ “ခံစားချက် ကိုယ်စီ” အမည်ရှိ ပါဖောမန့်ကို မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပြသခဲ့သဖြင့် မြန်မာ ၇ ဦးအား အထူးနှင့် အထွေထွေ ဥပဒေ ပုဒ်မ ၁၁၊ ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် မန္တလေး အမှတ် ၂ ရဲစခန်းက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းဥပဒေမှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်သော်လည်ကောင်း၊ ငွေဒဏ် ကျပ် ၂ ထောင်သော် လည်ကောင်း၊ ဒဏ်နှစ်ရပ်စလုံး ကိုသော်လည်ကောင်း ကျခံရမည် ဖြစ်သည်။
ပြပွဲတွင် ပါဝင်သည့် မလေးရှားနိုင်ငံသား ၄ ဦးနှင့် ဂျာမနီ နိုင်ငံသား ၁ ဦး တို့ကိုလည်း မေ ၂၅ ရက်နေ့က ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း၊ တရားစွဲဆို ခံရသည့် မြန်မာနိုင်ငံအနုပညာရှင်များမှာ စူးမြင့်သိန်း၊ မောင်နီဦး၊ မိုးစက်၊ အောင်မြတ်ဌေး၊ လွင်ဦးမောင်၊ မအိနှင့် မငယ်လေးတို့ ဖြစ်ကြကြောင်း သိရသည်။
နှစ်နိုင်ငံ အနုပညာဖလှယ်ပြပွဲအဖြစ် ပထမဆုံး မလေးရှားနိုင်ငံ ကွာလမ်လပူမြို့ရှိ စူတန်လမ်းမကြီး ပလက်ဖောင်းတွင် ပါဖောင့်မန့် ၅ ရက်ပြသခဲ့ပြီးမှ မန္တလေးမြို့ ကျုံးမြောက်ဘက်ထောင့်တွင် ပြသခဲ့ခြင်းဖြစ်ကာ တာဝန်ရှိသူများ၏ ရပ်ဆိုင်းခြင်းကို ခံခဲ့ရကြောင်း မန္တလေး အနုပညာ အသိုင်းအဝန်းက ဆိုသည်။
အနုပညာရှင် ၁၁ ဦး ပါဖောမန့် ပြသည့်အချိန်သည် မန္တလေးမြို့တွင် လျှပ်စစ်မီးမရရှိသဖြင့် ဖယောင်းတိုင်မီးကိုင် ဆန္ဒပြသည့် အချိန်နှင့် တိုက်ဆိုင်လျှက် ရှိသော်လည်း အနုပညာရှင်များမှာ အနုပညာသက်သက်ကိုသာ ပြသခဲ့ခြင်း ဖြစ်ကြောင်း၊ ပြပွဲပြသချိန် ၄၅ မိနစ်အကြာတွင် ပြသနေမှုကို ရဲစခန်းက လာရောက်ဟန့်တားကာ ရပ်ခိုင်းခဲ့ပြီး ပါဝင်သူများကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ အနုပညာရှင် ၇ ဦးမှာ အာမခံနှင့် နေထိုင်ခွင့်ရထားကြောင်း ပြပွဲတွင် ပါဝင်သူ အနုပညာရှင် စူးမြင့်သိန်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့က အနုပညာဘဲ ပြတာပါ။ ဆန္ဒပြတာ တခုမှမလုပ်ပါဘူး။ ပါဖောမန့် ဆိုကတည်းက ပြည်သူတွေနဲ့ နီးစပ်တဲ့ လမ်းဘေး ပလက်ဖောင်းတွေ၊ ဈေးတွေနဲ့ မီးပွိုင့်တွေမှာ ပြရတာ၊ အဲဒါမှ အရသာရှိတာ။ အခုဟာက အနုပညာပြကွက်ပဲ၊ ကျနော်တို့မှာ ဘာအပြစ်မှ မရှိဘူးလို့ ထင်ပါတယ်” ဟု သူက ရှင်းပြသည်။
ပြပွဲ ပြသသည့်နေ့က အနုပညာရှင်များအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ခရိုင်လူကြီးများက ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ် ပေးခဲ့ကြောင်း၊ သို့သော် ယနေ့တွင် မြို့နယ်က တရားစွဲသည်ဟု ဆိုကြောင်း၊ နေပြည်တော်မှ ညွှန်ကြားသဖြင့် တရားစွဲသည်ဟု သိရကြောင်း အနုပညာရှင် တဦးဖြစ်သည့် မောင်နီဦးက ပြောသည်။
“အခု ဥပဒေပုဒ်မက နှစ် ၃၀ အတွင်း တခါမှ မကြားဖူးဘူး။ ညွှန်ကြားချက်ကြောင့် တရားစွဲဖို့ ဥပဒေကို ညတွင်းချင်း စာအုပ်လှန် ရှာရတယ်လို့ ဒုရဲအုပ်တစ်ယောက်က ပြောပြတယ်။ အဲဒီဥပဒေ ရှာရတဲ့ ဒုရဲအုပ်ဆို တညလုံး မအိပ်ရဘူးတဲ့” ဟု သူက ဆိုသည်။
ဒီမိုကရေစီခေတ်တွင် အနုပညာပြသမှုကြောင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးသည်မှာ မြန်မာနိုင်ငံတနိုင်ငံသာ ရှိသည်ဟု နိုင်ငံခြားသား အနုပညာရှင်တဦးက ပြောဆိုသွားကြောင်း သိရသည်။
နအဖ စစ်အစိုး ရလက်ထက်က ပါဖောင့်မန့် ပြသခဲ့ကြသော်လည်း ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းမျိုး မရှိကြောင်း၊ လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ရောက်မှ ပထမဆုံး ပြသသည့် ပါဖောမန့် အနုပညာပွဲတွင် ယခုကဲ့သို့ အရေးယူ ခံရသည်ကို များစွာ အံ့သြမိကြောင်း မန္တလေး အနုပညာရှင် အသိုင်းအဝန်းက ဝေဖန် နေကြသည်။
“အစိုးရက အနုပညာရှင်တွေကို ထိန်းချုပ်တည့်မတ်တာမဟုတ်ဘဲ အရေးယူဖို့ပဲ စဉ်းစားနေလားလို့ တွေးမိတယ်။ ပါဖောမန့် လုပ်တဲ့သူတွေကို အရေးယူမယ် ဆိုရင် ကျုံးဘေးမှာ အုပ်စုလိုက် ကိုယ်ကာယအလှ လေ့ကျင့်နေတဲ့ တရုတ်မတွေကိုကော ဘာလို့ တရားမစွဲတာလဲ၊ ဒါပဲ ပါဖောမန့် တမျိုးပဲလေ” ဟု ပါဖောမန့် ပြသရာတွင် ပါဝင်ခဲ့သူ အနုပညာရှင် မိုးစက်က ပြောသည်။