ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။
“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ကနိုင်းကျေးရွာအနီးရှိ ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ အမှတ် ၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တာဝါတိုင်များ ယခုလ ၁၈ ရက်နေ့က မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လက်သည်မပေါ်ဘဲဖြစ်နေသည့် ထိုဖောက်ခွဲမှုအား အများ သိစေရန် KIO က စုံစမ်းနေခြင်းဖြစ်သည်။
ထိုနယ်မြေအတွင်း၌ အစိုးရတပ်များ၊ KIA ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အခြားလူမျိုးစု တပ်ဖွဲ့များလည်း လှုပ်ရှားနေကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုနှင့် ပတ်သက်၍ အစိုးရက KIO လက်အောက်ခံ KIA တပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် တိုက်ရိုက် စွပ်စွဲ ရေးသားထားသည်ကို တွေ့ရသည်။
အစိုးရအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ်တိုင်းအား KIA သို့ လွှဲချပြောဆိုခြင်းသည် လုပ်ထုံးလုပ်နည်းကဲ့သို့ ဖြစ်နေသော်လည်း“ဒီနယ်မြေ က တပ်တွေ အများကြီး လှုပ်ရှားနေတဲ့ နယ်မြေဆိုတော့ ဘယ်သူလုပ်တယ်ဆိုတာ ပြောရခက်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ထို့အတူ မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား၂ စီးကို ဆက်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ် ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် KIA ၏ လက်ချက်ဖြစ်ကြောင်း မေ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စွပ်စွဲ ဖော်ပြ ခဲ့ပြန်သည်။
အဆိုပါ ကားကြီး၂ စီးသည် လက်နက်ငယ် ကျည်ဆန်များ ထိမှန်ခဲ့မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော်လည်း ကားသမားများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ထိုနေရာတွင် မပေါက်ကွဲသေးသည့် သံကိုယ်ထည် လက်ပစ်ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ မေ ၂၀ ရက်နေ့ နံနက်မှ စတင်၍ ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သတင်းစာက ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် မူဆယ် လားရှိုးလမ်း အပါအဝင် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းသော လမ်းတချို့ကို KIA လက်အောက်ခံ နယ်မြေခံ တပ်ရင်းတချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များအရ လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ပြီဖြစ် ကြောင်း ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIA တို့ တရက်လျှင် တိုက်ပွဲ ဖြစ်ပွားမှု ၅ နေရာခန့် နေ့စဉ် ရက် ဆက် ပုံမှန်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ကချင်ဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIO ခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်း လည်း ဖြစ်သည်။
အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဂွမ်မော်က “တွေ့ဆုံဖို့အတွက် အစီအစဉ်လုပ်တာ လောက်ပဲ ရှိသေးတယ်။ ဆွေးနွေးပွဲအဆင့်ကို မရောက်သေးဘူး။ အခုမှ အလွတ်သဘော တွေဆုံမှုတွေ လုပ်ဖို့ ကျနော်တို့ ညှိနှိုင်း နေပါတယ်”ဟု ပြောသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်နဝါရီနှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြသော် လည်း ရေရာသည့် သဘော တူညီချက် တစုံတရာမရရှိသေးပေ။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက်ခိုက်ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင် တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။
ရွှေလီမြို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း KIO ဘက်က တောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းပေးရန်နှင့် နှစ် ဖက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်မာဖြစ်စေရန် နိုင်ငံတကာ၏ စောင့်ကြပ်မှုအောက်တွင် သက်သေထူ လက်မှတ် ရေးထိုးကြရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောမှုမပြုနိုင်သဖြင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်းဖြစ်ကြောင်း ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောဆိုကြသည်။