တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် အစိုးရ အကြား အပစ်အခတ်ရပ်စဲထားပြီးနောက် တိုင်းရင်းသားများ တောင်းဆိုလိုသည့် ဆန္ဒသဘောထား အမြင်များသိရှိရန် ကချင်ပြည်နယ် မြစ်ကြီးမြို့တွင် အစိုးရက ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့တွင် ယင်းဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီမှ ဦးသိန်းဇော်က ဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံ ပြည်သူများအပါအဝင် ပြည်နယ်ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တဦးအနေနှင့် တက်ရောက်ခဲ့သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာက ဧရာဝတီသို့ ပြောသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်က ပြည်တွင်းငြိမ်းရေးကို တည်ဆောက်နေတဲ့ အချိန်ကာလ ဆိုတော့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေက ဘာတွေလဲ၊ အခြေခံဥပဒေ ဘယ်အပိုင်းကို ပြင်ဆင်ချင်သလဲ၊ ဘယ်လို ဆန္ဒရှိကြသလဲ အဲဒါတွေ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။
တက်ရောက်လာသော တိုင်းရင်းသား ဒေသခံအများစုက ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ပြဌာန်းခွင့်တို့ကို လိုလားသည်ဟု ထုတ်ဖော်ပြောဆိုကြကြောင်း သိရသည်။
တိုင်းရင်းသား အရေးနှင့်ပတ်သက်ပြီး တင်ပြရာတွင် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ၏ အားနည်းချက်ကြောင့် ပြည်တွင်းစစ် ပေါ်ပေါက်လာပြီး ယင်းအခြေခံ ဥပေဒေကို ပြင်ဖို့လိုအပ်ကြောင်း၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တို့ကိုလည်း ကြိုးစားပေးမှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး တည်တံ့ရန်အတွက် အထောက်အကူ ပြုမည်ဟု ပြောဆိုကြကြောင်း ဒေါက်တာ မနန်တူးဂျာက ဆိုသည်။
တိုင်းရင်းသားများ တင်ပြဆွေးနွေးခဲ့သည့် အချက်အလက်များကို ဆွေးနွေးပွဲပြီးသည့် ညနေပိုင်း၌ အစိုးရ အထက်တာဝန်ရှိသူများထံ ပေးပို့လိုက်ကြောင်း ကြားသိရသည်ဟု ဒေါက်တာ မနန်တူးဂျာက ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ အဖွဲ့အနေနှင့် လူခွဲ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မော်လမြိုင် အပါအဝင် တခြားသော ဒေသများမှ တိုင်းရင်းသားများနှင့် လိုက်လံတွေ့ဆုံရန် စီစဉ်ထားကြောင်း ဒေါက်တာ မနန်တူးဂျာ ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို ယခု မေလ ၃ ရက်က အထူးညွှန်ကြားချက် ဖြင့် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသခံများနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ဗဟိုကော်မတီအနေနှင့် မူဝါဒများချမှတ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံရပ်ခြား ပြည်ပအဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ရန်ပုံငွေ ထူထောင်သုံးစွဲခြင်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာ မနန်တူးဂျာက “အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအနေနဲ့ တိုင်းရင်းသားတွေ လိုလားချက်က ဘာလဲ၊ အဲဒါကို သူတို့ သေချာ အရင်လေ့လာဖို့ အရေးကြီးတယ်။ အနားသိမှ ဆေးရှိနိုင်တာကိုး။ ဒါကို ဂရုမစိုက် စိတ်မဝင်းစားလို့ မဖြစ်တော့ဘူး။ ဒါကို ဂရုမစိုက်၊ စိတ်မဝင်စားဘူးဆိုရင် ငြိမ်ချမ်းရေးရဖို့ဟာ အများကြီး အခက်အခဲရှိနိုင်ပါတယ်။ အခုလို ခြေလှမ်းစလာတာကတော့ အကောင်းဘက်က မြင်ပါတယ်” ဟု ၎င်းက ပြောသည်။