ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အလုပ်သမားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ယနေ့ နံနက်ပိုင်းတွင်ပြော ဆိုလိုက်သည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ငန်းခွင်များရှိရာ ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ်ကို သွားရောက်လေ့လာရာတွင် ကြိုဆိုနေသော အလုပ်သမား ၂၀၀၀ ကျော်ကို ပြောကြားသည့် မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့အနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လို လုပ် ရမလဲဆိုတာ လေ့လာပြီးတော့ ဖြစ်မြောက်အောင်လို့ ကြိုးစားပါ့မယ်”ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ပြောသည်။
“ကျမတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး။ အလုပ်သမားအားလုံးရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ဥပဒေဘောင် အတွင်းက နေပြီးတော့ ကာကွယ်စောင့်ရှောက်မယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်းပဲ လုပ်စေချင်တယ်”ဟုလည်း ၎င်းက ထပ်မံပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို ပထမဆုံး ပြောဆိုသော မိန့်ခွန်းလည်း ဖြစ်သည်။
မြန်မာအလုပ်သမားများအနေဖြင့် အမိနိုင်ငံသို့ အေးအေးချမ်းချမ်းဖြင့် ပြန်လာ၍ အလုပ်လုပ်ကိုင်နိုင်ရေးမျာကိုလည်း ဖန်တီးပေးနိုင် ရန်ကြိုးစားသွားမည်ဟု အလုပ်သမားများကို ကတိပေးပြောဆိုခဲ့ပြီး လတ်တလော မပြန်နိုင်သေးသော အခြေအနေများတွင် လုပ် ငန်းခွင်များအတွင်း ကောင်းမွန်စွာဖြင့် စနစ်တကျလုပ်ကိုင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
“ကျမတို့က မျက်နှာငယ်စရာ အားငယ်စရာ မလိုဘူး။ အခြေအနေတွေက အမြဲတမ်း ပြောင်းလဲနေတာပဲ။ ဒီ အချိန်အခါမှာ ကျမတို့ နိုင်ငံသားတွေက ဒီမှာလာပြီးတော့ လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံ အခြေအနေတွေပြောင်းလာတာနဲ့အမျှ ကျမတို့ နိုင်ငံ သားတွေရဲ့ အခြေအနေနဲ့ တန်ဖိုးဟာလည်း တက်လာမှာပဲဆိုတာ ယုံကြည်ကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားများကို အားပေး ပြောဆိုသည်။
များပြားလှသော မြန်မာအလုပ်သမားများကို ကြည့်ကာ ဒေါ်အောင်ဆန်းစုကြည်က“ကျမ ဒီကိုရောက်တော့ မြန်မာနိုင်ငံကို ပြန် ရောက် နေသလားတောင် ထင်မိတယ်”ဟု ပြောဆိုသကဲ့သို့“ကျမတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်တော့မှ မေ့မထား ဘူး ဆိုတာ သံသယမရှိပါနဲ့”ဟုလည်း ကတိပေး ပြောဆိုလိုက်သည်။
ရွှေ့ပြောင်း အလုပ်သမားများ အရေးကို ထိုင်းနိုင်ငံအလုပ်သမားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အဖြေရှာ ကြိုးပမ်းသွားမည်ဖြစ်သကဲ့သို့ အလုပ်သမားများဘက်ကလည်း ကြုံတွေ့နေရသောပြဿနာများကို လွတ်လပ်စွာတင်ပြနိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က အလုပ်သမားများကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အားပေးပြောဆိုမှုကို မြန်မာအလုပ်သမားများက လက်ခုပ်များတီးကာ“အမေစု” ဟု အော်ဟစ်အားပေးခဲ့ကြ သည်။ လမ်းများပိတ်ဆို့နေသဖြင့် မိန့်ခွန်းကို မိနစ်ပိုင်းသာ ပြောကြား ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုမြင်တွေ့လိုက်ရပြီး ဆုံးမ စကားများ၊ အားပေး စကားများကို ကြားရသည့်အတွက် အားတက်မှု ဖြစ် သကဲ့သို့ ထိုင်းလူမျိုးများ၏ အနိုင်ကျင့် ခေါင်းပုံဖြတ်ခြင်းခံရမှုများမှ လျော့နည်းသွားလိမ့်မည်ဟု ယုံကြည်ကြောင်း မဟာချိုင် ပုဇွန် စက်ရုံတွင် အလုပ်လုပ်နေသော ကိုတင့်နိုင်ဦး က ပြောသည်။
“သူ့ကိုတွေ့တော့ ဝမ်းသာတယ်။ ကျနော်တို့ကို အရေးတယူရှိတဲ့အတွက် အားရှိတယ်။ ကျနော်တို့ကြုံနေရတဲ့ အခက်အခဲတွေ ကို လည်း ဖြေရှင်းပေးမယ်လို့ ယုံတယ်။ ဒီ အလုပ်ခွင်ထဲမှာ ထိုင်း ဆိုရင် နေ့စား ဘတ်သုံးရာ ရတယ်။ မြန်မာပြည်သား တွေဆိုရင် နှိမ်ပြီး ပေးတယ်၊ အပြည့်မရဘူး။ အဲဒီ အခွင့်အရေးတွေ ရအောင်လုပ်ပေးနိုင်မယ်လို့ ထင်တယ်”ဟု သူက ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်တွင် ကျင်းပမည့် ၂၀၁၂ ခုနှစ် World Economic Forum on East Asia အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံ ကို တတ်ရောက်ရန်အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေခြင်းဖြစ်ပြီး ဇွန်လ တရက်နေ့တွင် ယင်း ညီလာခံတွင် မိန့်ခွန်းပြောဆိုမည် ဖြစ်သည်။
နောက်တနေ့တွင် ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ပြီး ထိုခရီးစဉ်တွင် မဲဆောက်မြို့သို့လည်း ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် မဲဆောက်တွင် အလုပ်လုပ်နေကြသော အလုပ်သမားများကလည်း ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ခွင့်ရရန် လိုလားနေကြသည်။
မဲဆောက် စားသောက်ဆိုင် တဆိုင်တွင် အလုပ်လုပ်ကိုင်နေသော ကိုအောင် က “မဲဆောက်ကို ဒေါ်အောင်ဆန်းစုကြည် လာမယ် လို့ သူငယ်ချင်း တယောက်ဆီက ကြားတယ်။ အဲဒီ သတင်းကြားပြီးကတည်းက စိတ်လှုပ်ရှားပြီး အိပ်မပျော်ဘူး။ တကယ် အရမ်း တွေ့ချင်တယ်”ဟု ဧရာဝတီသို့ ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်း နိုင်ငံ ခရီးစဉ်
မေ ၂၉ အင်္ဂါ – ဘန်ကောက် သုဝဏ္ဏ ဘူမိ လေဆိပ်ကို ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ။
မေ ၃၀ ဗုဒ္ဓဟူး – မနက်ပိုင်း မြန်မာနိုင်ငံသား အလုပ်သမား များစွာရှိသည့် ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသသို့ သွားသည်။
နေ့လယ်ပိုင်း၌ ဘန်ကောက်မြို့ Shangri-La ဟိုတယ်ကို ပြန်ပြီး ယင်းဟိုတယ်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး ညီလာခံသို့ တက်ရောက်မည်။
မေ ၃၁ ကြာသပတေး – ကမ္ဘာ့စီးပွားရေး ညီလာခံ ကျင်းပရာ ဟိုတယ်တွင် ရှိနေမည်။
ဇွန် ၁ သောကြာ – ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို စတင်သည့် Klaus Schwab နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်။ ထို့နောက် Asian Women as the Way Forward ဆိုသည့် အစီအစဉ်၌ ဝင်ရောက်ဆွေးနွေးပါမည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လာရောက်ခဲ့ဖူးသည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီ၀ နှင့် တွေ့ဆုံရန်ရှိသော်လည်း အချိန် အတိအကျ မသိရသေးပါ။
ဇွန် ၂ စနေ – ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့်နီးသော မယ်လ ဒုက္ခသည်စခန်းကို သွားမည်။ မဲဆောက်မြို့ ရှိ
ဒေါက်တာ စင်သီယာမောင် ဆေးခန်းကိုလည်း သွားရောက်ရန်ရှိပြီး နယ်စပ်က တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့် တွေ့ဆုံရန် လည်း အစီအစဉ် ရှိသည်။
ဇွန် ၃ တနင်္ဂနွေ – ရန်ကုန်ကို ပြန်ပါမည်။