ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံ ၂၇ နိုင်ငံကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ပြန်လည် ခွင့်ပြုတော့မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားလိုက်သည်။
“သက်ဆိုင်ရာ ဖိတ်ကြားထားတဲ့ ဝန်ကြီးဌာန ဒါမှမဟုတ် ဦးစီးဆောင်ရွက်တဲ့ Work shop တွေ Seminar တွေ က ဖိတ်ကြားတဲ့စာ ပါရင် လေဆိပ်မှာတင်ပဲ ဆိုက်ရောက်ဗီဇာ ပေးမှာဖြစ်ပါတယ်” ဟု ၎င်းက မေလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ဆိုက်ရောက်ဗီဇာ လျှောက်ထားလိုသူသည် သက်ဆိုင်ရာ နိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ဖြစ်ရမည်၊ နိုင်ငံကူးလက်မှတ် သက်တမ်းသည် ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး ၆ လ ကျန်ရှိရမည်၊ လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက လျှောက်လွှာနှင့်အတူ တာဝန်ခံ ခေါ်ဆောင်သူ ကုမ္ပဏီ၏ ဖိတ်ခေါ်စာ ပါရှိရမည်၊ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇာဖြင့် လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ပါက အလုပ်လုပ်ကိုင်သည့် စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံခေါ်ဆောင်သူ၊ လုပ်ကိုင်သည့် ရာထူး စသည်တို့ကို ပြည့်စုံစွာ ဖော်ပြ လျှောက်ထားရမည် စသည့် စည်းကမ်းချက်များ အပါအဝင် စည်းကမ်းချက် ၉ ချက်နှင့် ပြည့်စုံရမည် ဖြစ်ကြောင်း သိရသည်။
စည်းကမ်းချက်များကို နိုင်ငံတကာ လေဆိပ်များ၊ လေကြောင်းလိုင်းများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီး ဆိုက်ရောက်ဗီဇာကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။
လုပ်ငန်းဗီဇာနှင့် ဖြတ်သန်းဗီဇာတို့အတွက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။
ဗီဇာအမျိုးအစားအလိုက် ငွေကြေးကောက်ခံမှု နှုန်းထားမှာ စီးပွားရေးလုပ်ငန်းဗီဇာ ရက် ၇၀ နေထိုင်သူ တဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၊ ပြည်ဝင်ဗီဇာ ၂၈ ရက် နေထိုင်သူ တဦးလျှင် အမေရိကန် ဒေါ်လာ ၄၀၊ အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တွေ့ဆုံမှု ဗီဇာနှင့် နိုင်ငံဖြတ်သန်းခွင့် ဗီဇာအတွက် အမေရိကန် ဒေါ်လာ ၂၀ ပေးဆောင်ရမည်ဖြစ်ပြီး ရက်ကျော်ဗီဇာများ အတွက် တရက်လျှင် အမေရိကန် ၃ ဒေါ်လာ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရက် ၉၀ ကျော်လွန် နေထိုင်သူဖြစ်ပါက တစ်နေ့လျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုက်ရောက်ဗီဇာ ခွင့်ပြုလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်သော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံတွင် တည်းခိုစရိတ်ကြီးမြင့်နေခြင်းကြောင့် ခရီးသွားဧည့်သည် လာရောက်သင့်သလောက် မလာရောက်နိုင်ကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများက ပြောဆိုကြသည်။
ဆိုက်ရောက်ဗီဇာစနစ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလက ကျင့်သုံးခဲ့ဖူးသော်လည်း ရွေးကောက်ပွဲကာလမှ စတင်ပြီး ရပ်ဆိုင်းခဲ့သည်။