လျှပ်စစ်မီး ရရှိရေးနှင့်လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လူထုလှုပ်ရှားမှု များ၌ နိုင်ငံရေးပါတီ များ ပါဝင် ပတ်သက်ခြင်း မပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး လိုက်သည်။

နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပါမည်ဟု ဝန်ခံကတိပြုထားပြီး ဖြစ်ကြောင်း၊ ထိုဝန်ခံချက်အား ပါတီဝင် တဦးဦးက ချိုးဖောက်လျှင် ၎င်းအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပါတီများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ရေးသားထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) စသည့် ပါတီများ ကို နေပြည်တော်သို့ ယမန်နေ့က ခေါ်ယူတွေ့ဆုံ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံ၌ ပါဝင်သည့် မူဝါဒများကို ဖတ်ပြကြောင်း၊ လက်ရှိဆန္ဒပြမှုများ၌ ပါတီတချို့ပါဝင် ပတ်သက်သည်ဟု တိုင်ထားကြကြောင်းနှင့် မဖြစ်နိုင်သည့်အရာများကို ပါတီများအနေဖြင့် တွန်းအားမပေးကြရန် ဦးတင်အေး ရှင်းပြကြောင်း NDF ပါတီ၏ ဗဟိုအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။
၎င်းက “စက်ရုံ၊ အလုပ်ရုံ ၂၀ လောက်ဆန္ဒပြနေကြတာမှာ ၁၃ ရုံလောက်က ညှိနှိုင်းလို့ရပြီ၊ ၄ ရုံကတော့ နိုင်ငံရေးပါတီတွေက အားပေးနေတဲ့အတွက် ညှိမရ ဖြစ်နေတယ်ဆိုပြီး တိုင်တာတွေရှိတယ်၊ အဲဒီအထဲမှာ နာမည်ထုတ်ပြောတာက NLD၊ NDF တို့ ပါနေတယ်” ဟု ဆိုသည်။
နိုင်ငံရေးပါတီများသည် ပြည်သူ့ ကိုယ်စားပြုဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ အလုပ်သမားရော၊ အလုပ်ရှင်ပါ ပြည်သူများဖြစ်သည့်တိုင် ဒုက္ခအခက်အခဲ ခံစားနေရ
သူများမှာ အလုပ်သမားများသာ ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။
“ကျနော်ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ အလုပ်သမားတွေနဲ့ တွေ့ဖို့ရှိပါတယ်။ သူတို့ကို ဘာလုပ်ပေးနိုင်မလဲပေါ့။ လွှတ်တော် အနေနဲ့လည်း ဖြေရှင်းပေးဖို့ လိုတာပေါ့” ဟု သူက ဆက်ပြောသည်။
နိုင်ငံရေးပါတီများသည် ဥပဒေ ပုဒ်မ ၄၀၄ (ခ) အရ “နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်” ဆိုသည့်အချက်နှင့် ပုဒ်မ ၄၀၅ (ခ) ၌ ပါဝင်သော “ဤဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမည်” ဟု ပါတီ မှတ်ပုံတင်စဉ်ကပင် ဝန်ခံကတိ လက်မှတ်ထိုးပြီး ဖြစ်ကြောင်း၊ ဝန်ခံချက်အား ချိုးဖောက်လျှင် ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း ဦးတင်အေးက ဆိုသည်။
လျှပ်စစ်မီး ပြဿနာသည် ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း၊ ထိုကိစ္စအား အစိုးရသတင်းစာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမပေးဘဲ သတင်းထိန်ချန် ထားကြောင်း စသည့် ကိစ္စတို့ကို ပြန်လည်ဆွေးနွေးခဲ့သည်ဟု NLD ပါတီ၏ ပြောခွင့်ရသူနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “မီးပြဿနာက ကြာပြီ၊ ဒါကို အဓိက ဖြေရှင်းပေးဖို့ တာဝန်က အစိုးရဖြစ်တယ်၊ အစိုးရ သတင်းစာတွေကလည်း သ တင်းတွေ အမှောင်ချထားတော့ အကြောင်းစုံကို အခု ခေါ်ပြောတော့မှပဲ ကျနော်တို့က သိရတာပါ” ဟု ဆိုသည်။
မိမိတို့၏ လိုအပ်ချက်များ တောင်းဆိုခြင်းသည် ပြည်သူတို့၏ လွတ်လပ်ခွင့်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လွတ်လပ်ခွင့် အား ကာကွယ်ပေးရေး တာဝန်သည် ၎င်းတို့ပါတီ၏ အခြေခံမူပင် ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
လူထု ဆန္ဒပြပွဲများသည် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ ပုသိမ် စသည့် ဒေသများ၌ ဆက်တိုက်ဖြစ်ပေါ်နေပြီး တပြည်လုံး အုံကြွမှု ဖြစ်လာမည့်အရေးကို အစိုးရ အာဏာပိုင်များက စိုးရိမ်လျှက် ရှိသည်။ မှော်ဘီမြို့နယ် သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒပြသည့် အလုပ်သမား တချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ၊ နုနယ်သော ကာလတွင် လိုအပ်ချက်များ ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ပူးပေါင်းဆောင်ရွက်နေသည့် ကာလတွင် မလိုလားအပ်သော
ဆူပူအကြမ်းဖက်မှုကြောင့် တုံ့နှေးသွားမည့် အခြေအနေမျိုး မဖြစ်ရန် အလေးထားဖို့ လိုကြောင်း ဦးတင်အေးက ဆိုသည်။
ဦးတင်အေးက “မဖြစ်နိုင်သေးတာတွေကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် မိမိအတွက်ရော နိုင်ငံအ တွက်ပါ အကျိုးမရှိ၊ မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ်လာရင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကိုထိခိုက်စေတယ်” ဟု
ဆိုကြောင်း သတင်းစာများ၌ ဖော်ပြထားသည်။
နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ရှင်းလင်းရာတွင် ဦးတင်အေးနှင့်အတူ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်းတို့ကလည်း လက်ရှိ ဆန္ဒပြမှု အခြေအနေများ၊ ၎င်းတို့ဌာနများမှ ဖြေရှင်းပေးနေသည့် အခြေအနေများ၊ အခက်အခဲများကို ရှင်းလင်းပြခဲ့ကြကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။
အစိုးရ အာဏာပိုင်တို့၏ ခေါ်ယူဆွေးနွေး အသိပေးခြင်းသည် ၎င်းတို့၏ မူဝါဒကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေး ကိစ္စသည် နိုင်ငံရေးပါတီများ၏ မူဝါဒ ဖြစ်ကြောင်းလည်း နိုင်ငံရေး ပါတီများက ဆို သည်။