ရန်ကုန်မြို့ကမာရွတ်မြို့နယ် တိုက်ခန်းတခန်းတွင် မေလ ၂၇ ရက်က ဓာတ်ဆီလောင်း မီးရှို့ခံရသူ အမျိုးသမီးတဦး ရန်ကုန်ဆေးရုံ ကြီး ၌အတွင်းလူနာအဖြစ် ကုသမှုခံယူစဉ် ယမန်နေ့က သေဆုံးသွားသည်။
“မီးလောင် ဒဏ်ရာက တော်တော်များတာ၊ ကျောက်ကပ်အထိ ထိသွားတယ်လို့ ပြောတယ်၊ ဒီနေ့ ၃ နာရီကျော်ကပဲ ဆုံးသွားပါတယ်”ဟု အိမ်နီးချင်း အမျိုးသားတဦးက မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောပြသည်။
၎င်းက“ဒဏ်ရာက တော်တော်များတယ်၊ မြင်မကောင်းအောင် ပါပဲ၊ အဲဒီနေ့ ည ၈ နာရီလောက်မှာ သတိလစ်သွားသေးလို့ အဲဒီနေ့ကတည်းက သေပြီလို့တောင် ဆေးရုံ လိုက်ပို့ပေးကြတဲ့လူတွေက ထင်ခဲ့သေးတယ်”ဟုလည်း ဆက်လက် ပြောဆိုသည်။
မေလ ၂၇ ရက်နေ့ ကမာရွတ်မြို့နယ် ၃ ရပ်ကွက် လှည်းတန်း ၇ လမ်း အမှတ် ၂၈၊ ဒုတိယထပ် (သုံးလွှာ)တွင် ညီမဖြစ်သူနှင့် အတူ နေထိုင်သော မအေးမြတ်မွန် အသက် ၂၆ နှစ်သည် နေအိမ်တိုက်ခန်းအတွင်းတွင် အမျိုးသားတဦးနှင့် စကားများ ရန်ဖြစ်ပြီး နောက် ဓာတ်ဆီ လောင်းမီးရှို့ခံရမှု ညနေ ၆ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မီးရှို့တဲ့ အမျိုးသားက သူ့ ရည်းစားလို့ ထင်တာပဲ၊ မကြာခဏ ဒီတိုက်ခန်းကို လာလည်တာ တွေ့ရတယ်၊ ညဘက်ဆို ပြန်ပြန်သွားတယ်၊ အခုသမီးရည်းစားချင်း ရန်ဖြစ်ရာကနေ လက်လွန်ခြေလွန် လုပ်တာပါ”ဟု သေဆုံးသူ၏ အိမ်နီးချင်း အမျိုးသမီးတဦးကပြော သည်။
အခင်း ဖြစ်ပွားသည့် နေ့တွင် အမျိုးသား ဖြစ်သူက တံခါးဖွင့်ခိုင်းခဲ့ပြီး မဖွင့်ပေးပါက အခန်းအား ဓာတ်ဆီလောင်း မီးရှို့မည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့သဖြင့် မအေးမြတ်မွန်က တံခါးဖွင့်ပေးခဲ့ကြောင်း၊ အခန်းတွင်းတွင် ထပ်မံစကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ က ရေသန့်ဘူးနှင့် ယူဆောင်လာသည့် ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့ခြင်း ဖြစ်သည်ဟု အသက် ၂၄ နှစ်ခန့်ရှိ ညီမဖြစ်သူကပြောပြ ကြောင်း လည်း အထက်ပါ အိမ်နီးချင်းအမျိုးသမီးက ဆိုသည်။
“သူ့ ညီမလည်း ခြေထောက်မှာ မီးလောင်ဒဏ်ရာ ရသွားတယ်၊ တံခါးမှာလည်း မီးတွေလောင်နေတော့ သူ့ညီမက ဝရန်တာ ကနေ တဘက်ခန်းကိုကျော် ထွက်ပြေးလာပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းမှ လမ်းထဲက လူတွေက သိရတာပါ”ဟု ၎င်းကပြော သည်။
ထို့နောက် အခန်းမှ မီးခိုးများ ထွက်လာသည်ကို အိမ်နီးချင်းများက တွေ့ရှိပြီးနောက် အခန်းတံခါးကို ဖျက်ဝင်၍ မီးငြိမ်းသတ်ပြီး အမျိုးသမီးကို ကယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။
“မိန်းကလေးက ရေချိုးခန်းထဲဝင်ပြီး ကိုယ်ပေါ်မှာလောင်နေတဲ့မီးကို ငြှိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် ရသွားတဲ့ ဒဏ်ရာတွေက မနည်းပါဘူး၊ တစ်ကိုယ်လုံးပါပဲ၊ လမ်းသူလမ်းသားတွေက သူ့ကို စောင်နဲ့ ပတ်ပြီး ခေါ်ထုတ်လာရတယ်”ဟု အိမ်နီးချင်းရှိ မုန့်အရောင်းဆိုင်မှ အမျိုးသမီးတဦးက ပြောပြသည်။
သေဆုံးသူ အမျိုးသမီးသည် ပဲခူးတိုင်း မင်းလမြို့ှ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ပါရမီ ဆေးခန်းတွင် အလုပ်လုပ်နေသော ဆရာဝန် တဦး ဖြစ်ကြောင်းလည်း မုန့်အရောင်းဆိုင်မှ အမျိုးသမီးက ဆိုသည်။
“လမ်းသူလမ်းသားတွေ တက်ပြီး မီးငြှိမ်းတော့ မီးရှီု့တဲ့သူကို ဝရန်တာမှာ တွေ့လို့ ဝိုင်းဖမ်းပြီး ရဲ လက် အပ်လိုက်ပါတယ်၊ ရဲတွေကော မီးသတ်ကားတွေကော မီးငြှိမ်းပြီးမှ ရောက်လာတာပါ”ဟု ၎င်းက ပြောသည်။
မီးရှို့၍ဖမ်းဆီးခံရသော အမျိုးသားမှာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက် သရဝဏ်၂ လမ်း အမှတ်၂၄ တွင် နေထိုင်သူ အသက် ၂၅ နှစ်ခန့်ရှိ ကိုလွင်ဦး ဆိုသူ နိုင်ငံခြားသင်္ဘောသား တဦးဖြစ်ပြီး မကြာသေးခင်က နိုင်ငံခြားမှ ပြန်ရောက် လာ သူ ဖြစ်သည်။
ထို ကိုလွင်ဦး ဆိုသူအား နေအိမ်မီးရှို့မှု၊ အပြင်းအထန် ထိခိုက် နာကျင်စေမှု တို့ဖြင့် ကမာရွတ် ရဲစခန်းက (ပ)၂၃၀/၂၀၁၂ ပုဒ်မ ၄၃၀/၃၂၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။