ပခုက္ကူမြို့ မြစ်ခြေတိုက်နယ်အတွင်း လျှပ်စစ်မီးရရှိသည့် ကျေးရွာများရှိ ဒေသခံများသည် ၄ နှစ်ကျော် လစဉ်မပျက် ပေးဆောင်နေရသည့် အပိုထပ်ဆောင်းယူနစ် အမည်ရှိ မီတာခနှင့် ပတ်သက်၍ မကျေနပ်သဖြင့် နိုင်ငံတော်သမ္မတရုံးသို့ စာတင်ကာ တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြစ်ခြေ တိုက်နယ်အတွင်း လျှပ်စစ်မီးရရှိသည့် ကျေးရွာများအားလုံးမှာ ယင်းဒေသ၏ လျှပ်စစ်ရုံးသို့ မီတာခများ ပေးဆောင် ရာတွင် အမှန်တကယ်သုံးစွဲသည့် ယူနစ်များအပြင် အပိုထပ်ဆောင်း ယူနစ်ဟု အမည်တပ်ထားသည့် ယူနစ်အတွက် ငွေကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လမှ စတင် ပေးဆောင်ခဲ့ကြရကြောင်း၊ သို့သော် ယခုအချိန်တွင်မူ ၎င်းတို့ မသုံးစွဲသည့် ယူနစ်များအတွက် ငွေကို ဆက်လက်မပေး ဆောင်နိုင်တော့သဖြင့် တိုက်နယ်လျှပ်စစ်ရုံးသို့ မေလ ၁၇ ရက်နေ့မှ စတင်၍ ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးအထိ စာတင်ရန်စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေသခံတဦးဖြစ်သူ ဦးဇော်ဇော်ကပြောသည်။
“ကျနော်တို့ အပိုထပ်ဆောင်း ယူနစ်ဆိုတာကို ဘာမှန်းမသိပဲ ဆောင်လာခဲ့ရတာ၊ ဒီယူနစ်က အမှန်တကယ်သုံးရတဲ့ ယူနစ်မဟုတ်ဘူး။ ဘာအတွက်ကောက်တာလဲ ဆိုတာကို မေးလိုက်တိုင်း ဘယ်တော့မှအဖြေမရခဲ့တာ ၄ နှစ်ကျော်ကြာပြီ” ဟု ၎င်းက ဆိုသည်။
မြစ်ခြေတိုက်နယ် အတွင်းရှိ လျှပ်စစ်မီတာရုံးမှ အပိုထပ်ဆောင်း ယူနစ် ကောက်ခံမှုသည် အိမ် တအိမ်နှင့် တအိမ်မတူညီဘဲ ပေးဆောင်ရသည့်နှုန်း ကွာခြားသည်ဟုလည်း သိရသည်။
“ဥပမာ ကျမတို့ အမှန်တကယ်သုံးစွဲတဲ့ ယူနစ်က ဆယ်ယူနစ်ဆိုရင် သူတို့က နောက်ထပ် အပေါင်း ၄ ယူနစ်ဆိုပြီး ကောက်တယ်။ တချို့ဆိုရင် ကိုယ်သုံးတာ ဆယ်ယူနစ်ဆို အပိုထပ်ဆောင်းကို ဆယ်ယူနစ် ကောက်တယ်။ အပိုထပ်ဆောင်း ဆိုတာကို ကျမတို့ ဒေသခံတွေ ဘယ်လိုမှကို နားမလည်နိုင်လို့ အခုလို တောင်းဆို ကြရတာပါ” ဟု အသက် ၄၅ နှစ် အရွယ် ယင်းဒေသခံ အိမ်ရှင်မ တဦးက ပြောသည်။
အပိုထပ်ဆောင်းဟူသည့် ခေါင်းစဉ်အောက်တွင် ကောက်ခံနေသည့် မီတာခများနှင့် ပတ်သက်၍ ဒေသခံများ မကျေလည် သောကြောင့် ၎င်းတို့ အမှန်တကယ်သုံးစွဲသည့် ယူနစ်ကိုသာ ပေးဆောင်ခွင့်ရရန် ဆန္ဒထုတ်ဖော် ခဲ့သော်လည်း မကွေးတိုင်း ဒေသကြီး အမှတ် (၁) လျှပ်စစ်ဖြန့်ဖြူးရေးရုံးက ယင်း ယူနစ်များကို ဆက်လက်ပေးဆောင်ရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးကမူ အထက်ပါပြဿနာ အမှန်တကယ် ဖြစ်ပေါ်နေပါက သက်ဆိုင်ရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ပြောသည်။
မြစ်ခြေဒေသတွင် အပိုထပ်ဆောင်းယူနစ် ကောက်ခံခြင်း ကိစ္စနှင့်ပတ်သတ်၍ ယင်းတိုက်နယ်၏ လျှပ်စစ်ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံတရာ ဖြေကြားခြင်း မရှိပေ။
“ကျနော်တို့ ဒီလလယ်လောက်က စပြီး တိုက်နယ်လျှပ်စစ်ရုံးကို ဆက်တိုက်သွားတယ်။ ကိုယ်သုံးတဲ့ယူနစ်ကိုပဲ ကိုယ်ဆောင်မယ်၊ အပိုထပ်ဆောင်း ယူနစ်အတွက် မဆောင်ဘူးပေါ့။ ဒါကို လျှပ်စစ်ရုံးက အပိုထပ်ဆောင်း ယူနစ် အတွက် မဆောင်ရင် ကျသင့်ယူနစ်အတွက် ဆောင်တာကိုလည်း လက်မခံဘူး။ ကျသင့်ယူနစ်ကော ထပ်ဆောင်း ယူနစ်ပါ မဆောင်ရင် မီတာပုံးကို သိမ်းမယ်လို့ပြောတယ်” ဟု ဒေခံတဦးဖြစ်သည့် ဦးအောင်ကျော်က ပြောသည်။
အထက်ပါ ပြဿနာကို ကြုံတွေ့နေရသည့် မြစ်ခြေတိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ အနေဖြင့် အပိုထပ်ဆောင်း မီတာခနှင့် ပတ်သတ်သည့် တိုင်ကြားစာကို ယခုရက် သတ္တပတ်အတွင်း နိုင်ငံတော်သမ္မတရုံးသို့ အများသဘော တူညီမှုဖြင့် စုပေါင်း လက်မှတ်ထိုးကာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။