ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြည်ပ အခြေစိုက် အတိုက်အခံအဖွဲ့များက တောင်းဆိုထားခြင်းကို NLD က အကြောင်းပြန်ကြားလာခြင်း မရှိသဖြင့် တွေ့ခွင့်ရရန် အဆင်မပြေတော့ကြောင်း သိရသည်။

ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု (NDD)၊ လူ့အခွင့်အရေးပညာပေးဌာန – မြန်မာနိုင်ငံ (HREIB) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့ အပါအဝင် အဖွဲ့ ၈ ဖွဲ့မှ တွေ့ဆုံခွင့် ရရန် ယခုလ ၂၅ ရက်နေ့က NLD ထံသို့ တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပြီး ဒုတိယနေ့အထိ အကြောင်းပြန်ကြားနိုင်ခြင်း မရှိသေးဟု အတိုက်အခံ အင်အားစုများကပြောသည်။
“ကျနော်တို့ ဘာမှ အကြောင်းပြန်ချက် မရသေးဘူးခင်ဗျ။ အခြေအနေပေးရင်တော့ ဒီဘက်က ဒီမိုကရေစီအင်အားစုတွေက တွေ့ဆုံ ချင်တယ်ပေါ့နော်။ လောလောဆယ်တော့ ဘာအကျိုးအကြောင်းမှ မသိရသေးတာပဲ ရှိပါတယ်၊ ကျနော်တို့ကတော့ ကိုယ့်ခေါင်းဆောင်ဆိုတော့ တွေ့ချင်ကြတာပေါ့ဗျာ” ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ပြည်ပခရီးစဉ်အဖြစ် ၂၄ နှစ်အကြာတွင်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံတွင် ရှိနေသော အတိုက် အခံ အင်အားစုများက မြန်မာ့နိုင်ငံရေး လုပ်ဆောင်ရန် အခြေအနေများကို တွေ့ဆုံဆွေးနွေးဖြစ်ကြရန် လိုလားနေကြခြင်းဖြစ်ပြီး NLD က အကြောင်းပြန်ကြားလာခြင်းမရှိသည့် အတွက် စိတ်မကောင်းဖြစ်ကြရသည်ဟုဆိုသည်။
NDD ဥက္ကဌ ဒေါ်ခင်ဥမ္မာ က “စိတ်မကောင်းဖြစ်တာပေါ့နော်။ ဘာပဲပြောပြော ကိုယ်တွေလည်း ၈၈ ပြီး နယ်စပ်ရောက်လာပြီး ကိုယ့်နိုင်ငံအတွက် ကိုယ်နိုင်သမျှ ကျရာနေရာကနေပြီးတော့ မရပ်တမ်း ကြိုးစားခဲ့ကြတဲ့အခါမှာ ကိုယ့်ခေါင်းဆောင်လာတဲ့ အချိန်မှာ၊ ကိုယ့်နိုင်ငံကို ပြန်လို့ မရသေးတဲ့ အခြေအနေမျိုးမှာ သူဒီကိုလာတဲ့အချိန် ကိုယ်တွေလုပ်နေတဲ့ အလုပ်တွေ၊ ကြုံနေရတဲ့ အနေအထားတွေ ဘာတွေဆက်လုပ်မလဲဆိုတဲ့ ဥစ္စာတွေ၊ ပြောပြဆွေးနွေးချင်၊ ကိုယ့်ခေါင်းဆောင်က ဆွေးနွေး ဖလှယ်တာတွေ လိုချင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
“ဒါတော့ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့တွေလည်း ဒီလိုပဲ။ အခုဟာက ဘယ်သူ့ကိုမှတောင် ဆက်လို့မရတော့ဘဲနဲ့ ဘာမှ မသိရတဲ့ အခါကြတော့လည်း စိတ်မကောင်းဖြစ်တာပေါ့” ဟု သူက ဆက်ပြောသည်။
ထိုင်းအစိုးရကစီစဉ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆ ရက် ခရီးစဉ်တွင် အချိန်လောက်ငှမှု မရှိကြောင်းနှင့် တွေ့ဆုံလိုသော အဖွဲ့ အချို့ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း NLD ရုံးချုပ် သတင်းရပ်ကွက်က ပြောဆိုသည်။ အတိုက်အခံများ၏ တောင်းဆိုထားမှုနှင့် ပတ်သက်၍ အကြောင်းပြန်ကြားနိုင်မှု မရှိခြင်းကိုမူ ပြောဆိုခြင်းမရှိပေ။
သို့သော် ထိုဖြစ်ရပ်အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ပတ်သက်ပြီး ရေရေရာရာ ထုတ်ပြန်နိုင်မှု မရှိခြင်းတို့ကြောင့် ပြည်ပမီဒီယာကြီး အချို့က NLD စီမံမှုအားနည်းကြောင်း ထောက်ပြ ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။
အတိုက်အခံတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့လျှင် ၎င်းတို့အပေါ် အမြင်သဘောထား၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် နိုင်ငံရေးအခြေအနေ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေး အခြေအနေများကို ဆွေးနွေးတိုင်ပင်လိုကြပြီး တွေ့ဆုံခွင့်မရခြင်းကြောင့် အခွင့်အရေးတခု လက်လွတ်ဆုံးရှုံးရသည်ဟု ဆိုကြသည်။
“ကိုယ့်ခေါင်းဆောင် ရောက်လာတဲ့အချိန်မှာ တွေ့ချင်တာပေါ့။ ဘာဖြစ်လိုလဲဆိုတော့ ဒီလိုအခြေ အနေမျိုး တခါမှ မရသေးဘူး။ မီဒီယာကနေပြီးပဲ တယောက်နဲ့တယောက် ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အမြင်ဝါဒတွေ အပြန်အလှန် ပြောရတဲ့ ဟာတွေပဲရှိတယ်” ဟု HREIB ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။
သူကဆက်ပြီး “ပြည်ပ အဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လိုသဘောထားလဲ။ ပြည်ပ အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး လို့ပြောနေတဲ့ လုပ်ငန်းတွေမှာ ဘယ်လိုပါဝင်သင့်လဲ ဆိုတဲ့၊ သြဝါဒ စကားတွေ နောက်သူ့ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ကြားချင်လို့ တွေ့ချင်တာ။ မတွေ့ရတဲ့အတွက် စိတ်တော့ မကောင်းဘူး။ ဒီအတွက် အခွင့်အရေး ကြီးကြီးမားမားကို ဆုံးရှုံးသွားတယ်လို့ စိတ်ထဲမှာ ထင်မြင်မိတယ်” ဟု ဆိုသည်။
အတိုက်အခံအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အတွင်း တွေ့ဆုံခွင့်ရရန် NLD သို့ အစုအဖွဲ့လိုက် တောင်းဆိုခြင်းများ ရှိသကဲ့သို့ တဖွဲ့ချင်းစီ သီးသန့် တောင်းဆိုမှုများလည်းရှိပြီး ထိုအဖွဲ့များကိုလည်း တွေ့ဆုံနိုင်ခြင်းရှိမရှိကို အကြောင်းပြန်ကြားခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။
အချို့သော အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြသော်လည်း NLD ထံသို့ အကြောင်းကြားရမည့် ပုံစံအား ရှင်းရှင်းလင်းလင်း မသိရှိရသေးသောကြောင့် တွေ့ဆုံရန် တောင်းဆိုနိုင်ခြင်း မရှိခဲ့ဟုဆိုသည်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “ဒေါ်အောင်ဆန်းစုကြည်ထိုင်းကိုလာမယ့်ကိစ္စကိုတော့ သိတယ်။ တွေ့ခွင့်တောင်းဖို့ NLD ကိုတင်ရမယ့် Process ကို မသိလို့ မတင်ဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသမီးနှင့် ကလေးအခွင့်အရေးများ လုပ်ဆောင်နေသည့် တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားပြီး အကြောင်းပြန်ကြားလာခြင်း မရှိသေးသည့်အတွက် တွေ့ဆုံနိုင်ရေး မရေမရာဖြစ်နေသည်ဟုဆိုသည်။
“ကျမတို့က တောက်လျှောက် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ်နဲ့ထားပြီးတော့မှ နေခဲ့တာဆိုတော့ တွေ့ဆုံဖြစ်ခဲ့ရင် အခုလက်ရှိမှာ သူ့ကို ဖြစ်စေချင်တာ အထူးသဖြင့် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားဖို့ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ဖို့လိုတယ်ဆိုတာ ပြောချင်တယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ဧရာဝတီသို့ ပြောသည်။
သူက ဆက်ပြီး “နယ်စပ်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အမျိုးသမီးထုတွေ ဘယ်လို ရင်ဆိုင်နေရတယ်ဆိုတာ ဆွေးနွေးဖလှယ်ချင်တဲ့ဟာတွေ ရှိပါတယ်။ နောက်အမျိုးသမီးတွေ နိုင်ငံရေးမှာရော၊ ငြိမ်းချမ်းရေးဖြစ်စဉ် တလျှောက်မှာ တက်တက်ကြွကြွနဲ့ ပါဝင်လာဖို့ဆိုရင် သူကိုယ်တိုင်ကလည်း ဒီအရေးကိစ္စတွေကို ပြောပေးဖို့ ဒါတွေကအစ သူနဲ့ ဆွေးနွေးချင်တာ ရှိတယ်လေ” ဟု ဆိုသည်။
အတိုက်ခံအင်အားစုများသည် ၁၉၉၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းတွင် မြန်မာအစိုးရက ပစ်ခတ်နှိမ်နှင်းမှု ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နယ်စပ်ဒေသများသို့ တိမ်းရှောင်ခဲ့ကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိနိုင်ရန် လုပ်ဆောင်နေကြသူများဖြစ်သည်။ နိုင်ငံအတွင်း ပြန်၍ ခြေချ လုပ်ကိုင်ခွင့် မရှိသော အတိုက်အခံအင်အားစုများသည် တိုင်းပြည်ပြင်ပမှတဆင့် မြန်မာ့ ဒီမိုကရေစီ အရေးများကိုလုပ်ကိုင်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်တွင် ကျင်းပမည့် ၂၀၁၂ ခုနှစ် World Economic Forum on East Asia အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံ ကို တတ်ရောက်ရန်အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ယင်း ညီလာခံတွင် မိန့်ခွန်းပြောဆိုမည် ဖြစ်သည်။
နောက်တနေ့တွင် ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ပြီး ထိုခရီးစဉ်တွင် မဲဆောက်မြို့သို့လည်း ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် မဲဆောက်တွင် အလုပ်လုပ်နေကြသော အလုပ်သမားများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် လိုလားနေကြသည်။
မဲဆောက်မြို့အခြေစိုက် ဆရာမစင်သီယာမောင် ဆေးခန်းသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း သတင်းများလည်းပေါ်ထွက်နေသဖြင့် မည်သို့တွေ့ဆုံမည်ကို ဧရာဝတီမှစုံစမ်းရာ ယခုအထိ သက်ဆိုင်ရာက တရားဝင် အကြောင်းကြားထားခြင်း မရှိသေးကြောင်း၊ သို့ရာတွင် သတင်းများပေါ်ထွက်နေသဖြင့် ကြိုဆိုရန် အသင့်ပြင်ထားကြောင်း သိရှိရသည်။