ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ် အသီးသီးနှင့် လူသွားများသော နေရာများ၌ စာကပ်ထားခဲ့ပြီးနောက် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး၌ မေ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားကာ ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ လားရှိုး – မူဆယ် ခရီးသည်များနှင့် ဒေသခံများအား ထိတ်လန့်မှုဖြစ်စေခဲ့ကြောင်း၊ ယင်းနေရာသည် ခရီးသွားကားများ ဖြတ်သန်းရာနေရာ ဖြစ်သဖြင့် ပြည်သူများ၏ စီးပွားရေးကိုလည်း ထိခိုက်နေကြောင်း ကွတ်ခိုင် ဒေသခံတဦးက ဆိုသည်။
“အဲဒီနေ့က စစ်ပွဲဖြစ်တာ လူသေမှုတွေတော့ရှိတယ်။ ခရီးသွားပြည်သူတွေ၊ ဒေသခံတွေပါလား မပါလားတော့ သေချာ မသိရသေးဘူး၊ ဒါပေမယ့် တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတယ်။ အချိန်မရွေးဘူး” ဟု အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။
ယခုလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ တပ်တို့အကြား စစ်ရေး ပဋိပက္ခ အရှိန် ပိုမြင့်လာသည်နှင့် အမျှ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသခံများ မိမိအသက်အိုးအိမ် လုံခြုံရေးအတွက် တနေ့ထက်တနေ့ ပိုစိုးရိမ် နေရကြောင်း ကွတ်ခိုင်မြို့ ဒေသခံများက ပြောသည်။
မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့်၏ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ရှမ်းပြည် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ သိန္နီ အပြင် လားရှိုး၊ သီပေါ နှင့် ကျောက်မဲ မြို့နယ်များအထိ ဂယက်ရိုက်လာသဖြင့် ခရီးသွားများ၊ ကုန်စည်စီးဆင်းမှုများ၊ ဒေသခံများ၏ အသက် အိုးအိမ်လုံခြုံမှုများ ထိပါးလာသည်ဟု မူဆယ်မြို့နယ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသား တဦးက ဆိုသည်။
ထိုကားလမ်းကို လက်ရှိအခြေအနေအထိ ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်သော်လည်း မူဆယ်မှ လားရှိုးသို့ သွားသည့် ကုန်တင်ကားသေးများ၊ ခရီးသည်တင် ကားများမှာ အလွန်ပင်နည်းပါး သွားသည်ဟု သိရသည်။
“မေ ၂၈ ရက်နေ့ က နမ့်ခမ်း၊ မူဆယ်ဘက်ကနေ့ စစ်ကားတွေ မနက် ၁၀ နာရီကတည်းက အစီး ၃၀ လောက် ကွတ်ခိုင် ဘက်ကို ဆင်းသွားတယ်။ သူတို့က တပြိုင်နက်တည်း အစီး ၃၀ ဆင်းတာ မဟုတ်ဘူး၊ နည်းနည်းချင်းစီ ဆင်းတယ်။
ထိခိုက်ဒဏ်ရာရတာကတော့ စုံစမ်းရသလောက် မူဆယ် – လားရှိုးလိုင်းကားတွေ ဘာမှမဖြစ်ဘူး။ စစ်ကားတွေကို အဓိက ပစ်တာပဲ နေမှာပါ” ဟု မူဆယ်ဒေသခံ တဦးက ပြောသည်။
မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီးကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ လက်ချက် ဖြစ်ကြောင်း မေ ၂၂ ထုတ်
နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ကားကြီး ၂ စီးသည် လက်နက်ငယ် ကျည်ခံများ ထိမှန်ခဲ့မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော်လည်း ကားသမား များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ထိုနေရာတွင် မပေါက်ကွဲသေးသည့် သံကိုယ်ထည် လက်ပစ်ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ မေ ၂၀ ရက်နေ့ နံနက်မှ စတင်၍ ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သတင်းစာက
ဆိုထားသည်။
တိုက်ပွဲများကြောင့် မူဆယ် – လားရှိုးလမ်း အပါအဝင် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းသော လမ်းတချို့ကို KIA လက်အောက်ခံ နယ်မြေခံ တပ်ရင်းတချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များကြောင့် လုံခြုံရေး အကြောင်းပြကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIA တို့ တရက်လျှင် တိုက်ပွဲ ဖြစ်ပွားမှု ၅ နေရာခန့် နေ့စဉ် ရက်ဆက် ပုံမှန်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဘက် ထိခိုက်သေဆုံးမှု များလည်းရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က
ပြောသည်။
ကချင်ဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIO ခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်းလည်း ဖြစ်သည်။
ရွှေလီမြို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း KIO ဘက်က တောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းပေးရန် နှင့် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်အမာဖြစ်စေရန် နိုင်ငံတကာ စောင့်ကြပ်မှုအောက်၌ သက်သေထူ လက်မှတ် ရေးထိုးကြရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောမှုမပြုနိုင်သောကြောင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်း ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောဆိုကြသည်။