မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ကြိုးပမ်း ဆောင်ရွက်သွားရန် ပါတီညီလာခံ၌ ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ပညာလင်္ကာရ ဘုန်းတော်ကြီး ကျောင်း၌ မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပနေသည့် RNDP ၏ ပထမအကြိမ် ပါတီညီလာခံ၌ ကချင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက် ရန်၊ အကျဉ်းထောင်များတွင် ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တို့ကိုလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေး ရရှိရေး၊ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေးသည် အရေးကြီးပြီး နိုင်ငံရေး အကျဉ်း သားများကိုလည်း နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ တတပ်တအားပါဝင်နိုင်ရန်အတွက် လွှတ်ပေးရန် အစိုးရထံ တင်ပြ သွားမည်ဟု RNDP ပါတီ ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။
“ကချင်ဒေသက စစ်ပွဲတွေကို အရင်ရပ်ပေးပါ၊ ပြီးရင်နိုင်ငံရေးအရ ဆွေးနွေးပါ၊ ဒါမှသာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင် မယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ပြည်တွင်း ငြိမ်းချမ်း မရရှိခြင်းမှာ စစ်မှန်သည့်
ပြည်ထောင်စု စနစ် မရှိသေး၍ ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အ တွက် စစ်မှန်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးကို RNDP ညီလာခံ က တောင်းဆိုခဲ့သည်။
ပြည်ထောင်စုကြီးအား မြန်မာနိုင်ငံ၏ လက်ရှိတိုင်းရင်းသား ပြည်နယ် ၇ ခု အပြင်၊ ဗမာတိုင်းရင်းသား အများစုနေထိုင်သည့် တိုင်းဒေသကြီးများကို ပြည်နယ်ကြီး တခု ခုပုံစံဖြင့်တည်ဆောက်၍ ထိုပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိရန်
စသည့် အချက် ၆ ချက် ပါသည့် အစီရင်ခံစာအား တင်သွင်းခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
“ပြည်ထောင်စု စနစ်ဖြစ်လို့ ပြည်နယ်တွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီး ဖြစ်စေချင်တာပါ၊ တိုင်းဒေသတွေမှာ နေ ထိုင်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကိုလည်းပဲ ပြည်နယ် အင်္ဂါနဲ့ညီရင် ဒေသခံတွေရဲ့ ဆန္ဒခံယူမှုတွေရယူပြီး ပြည်နယ် အဖြစ် သတ်မှတ်ပေးရေး ဆိုတာတွေပါဝင်တယ်”ဟု ၎င်းက ဆိုသည်။
ပါတီခေါင်းဆောင်များက စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ကချင်ဒေသစစ်ပွဲများရပ်စဲရေး စာတမ်းများ ဆွေးနွေးခဲ့ကြသည့်အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ RNDP ပါတီကိုယ်စားပြု ဝန်ကြီးများ၊ ရခိုင်တိုင်းသား ရေး ရာ ဝန်ကြီးတို့ကလည်း ၎င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြကြောင်း သိရသည်။
ပါတီ၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ရိုးရာယဉ်ကျေးမှု၊ ကျန်း မာရေး၊ ဆက်သွယ်ရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အရေး၊ ဘဏ္ဍာရေး အခြေအနေများ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
၎င်းက“ညီလာခံက အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲရေး၊ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ တင်ပြဆွေးနွေး တောင်းဆိုသွားဖို့ ရှိပါတယ်”ဟု ပြောဆိုသည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရေး၊ ရခိုင်ဒေသတွင်း စာသင်ကျောင်းများ၌ ရခိုင်စာပေ လွတ်လပ်စွာ သင်ကြားနိုင်ခွင့်နှင့်ရခိုင်
သမိုင်း ဆိုင်ရာ စာပေများကို လွတ်လပ်စွာ သင်ကြားခွင့်၊ ပါတီနှင့်လွှတ်တော် ကိုယ်စားလှယ်များ၏ အားသာချက်၊ အားနည်း ချက်များ စသည်တို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း ဦးဘရှိန် က ဆိုသည်။
တိုင်းရင်းသား ဒေသအသီးသီး၌ မိမိတို့ လူမျိုးများ၏ သမိုင်းကြောင်းနှင့်မိမိတို့စာပေများကို လွတ်လပ်စွာ သင်ကြားနိုင်ရေးအ တွက် RNDP ပါတီက ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
အလားတူ RNDP ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)ပါတီ နှစ်ရပ်ကို ပါတီ တခုတည်း အဖြစ်သတ်မှတ်၍ အမျိုးသား အင်အားစု ပါတီကြီး တခုပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ပါတီ ညီလာခံသို့ ရခိုင် တပြည်လုံးမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြကြောင်း ဦးဘရှိန် က ပြောသည်။
ရခိုင်ပါတီ နှစ်ခု ပေါင်းစည်းရေးကို ပြည်တွင်း၊ ပြည်ပရှိ ရခိုင် လူမှုရေး အဖွဲ့များ၊ နိုင်ငံရေး အင်အားစုများ၊ ဘာသာရေး အဖွဲ့အ စည်းများ ကျောင်းသား လူငယ်များ စသည့်အဖွဲ့ အစည်းများမှ ကြေညာချက် အသီးသီး ထုတ်ပြန်၍ RNDP ပါတီညီလာခံနှင့် ALD ပါတီ ခေါင်းဆောင်ကြီးများထံ ပေးပို့ထားကြောင်း သိရသည်။
RNDP ပါတီ ၏ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ များ၊ အထွေထွေအတွင်းရေး မှူး စသည့် ဗဟို အလုပ်မှုဆောင်သစ်များအား မဲ စနစ်ဖြင့် မနက်ဖြန် တွင် ရွေးချယ်သွားမည်ဟု ဦးဘရှိန် က ပြောသည်။
RNDP ပါတီကို ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၌ အမတ်နေရာ ၄၄ နေရာ ဝင်ရောက် အရွေးခံခဲ့ရာ ၃၄ နေရာ အနိုင်ရခဲ့သည်။