ရန်ကုန်တိုင်း စက်မှုဇုန်များတွင် အလုပ်သမားများ အခြေခံ လစာနည်းသဖြင့် တောင်းဆို ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည်သေးကြောင်း သိရသည်။
ပြေလည်သွားသည့် စက်ရုံများမှာ မှော်ဘီ မြောင်းတကာရှိ Yangon Crown သံရည်ကြိုစက်ရုံ၊ တိုက်ကြီးမှ MGE အထည်ချုပ် စက်ရုံ၊ ပုလဲ အထည်ချုပ်စက်ရုံ၊ စပယ်ပွင့် အထည်ချုပ် စက်ရုံ၊ နေမင်း အထည်ချုပ်စက်ရုံများ ဖြစ်ပြီး ဆန္ဒပြ စက်ရုံ ၂၀ ကျော် ရှိသည့် အနက် ၅ ရုံသာ ပြေလည်မှုရရှိသေးသည်ဟု အလုပ်သမားများကို အားပေးစကား လိုက်လံပြောကြားသူ တဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မမာမာဦးက ဧရာဝတီကို ပြောသည်။
အခြေခံလစာ ကိစ္စ ပြေလည်သွားသည့် မှော်ဘီ မြောင်းတကာ သံမဏိစက်ရုံတွင် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေးချို့တဲ့လာသူ ၉ ဦးအနက် ၅ ဦးကို ဆေးရုံတင်လိုက်ရကြောင်း၊ ၃ ဦး၏ အခြေအနေမှာဆိုးရွားနေကြောင်း သူက ဆိုသည်။
“လက်ရှိ ၃ ယောက်ကတော့ အခြေအနေ နည်းနည်း မကောင်းသေးလို့ သူဌေး ကိုယ်တိုင်ပဲ အာရှတော်ဝင် ဆေးရုံကို ပို့ိလိုက်တယ်။ ၁ ယောက်ကတော့ သွေးဝမ်းတွေသွားတာပေါ့။ ကျန်တဲ့ ၂ ယောက်ကတော့ အကြောတွေ ဆိုင်းပြီး ကပ်သွားတယ်” ဟု သူက ပြောသည်။
မပြေလည်သည့် စက်ရုံများအနက် မေလ ၉ ရက်နေ့က စတင် ဆန္ဒပြနေသည့် လှိုင်သာယာစက်မှုဇုန်ရှိ ဟိုင်မို ဆံပင်တု စက်ရုံ အလုပ်ရှင်က အလုပ်သမားများ၏ လိုင်းခန်းများအတွက်ပေးနေသည့် ရေနှင့် ရိက္ခာကို ယနေ့ စတင်ဖြတ်တောက် လိုက်သည်ဟုလည်း သိရသည်။
“လကုန်ပြီး ၂ ရက်နေ့လောက်မှပဲ အစာဖြတ်၊ ရေဖြတ်မယ် ထင်ထားတာ၊ အခု ဒီနေ့ပဲ ဗြုန်းကနဲ အစာရော၊ ရေရော၊ မီးရော အကုန်လုံးကို ဖြတ်ချပစ်လိုက်တာ” ဟု ဟိုင်မို ဆံပင်တု စက်ရုံ အလုပ်သမား ခေါင်းဆောင် မလင်းလက်ခင်က ဧရာဝတီကို ပြောသည်။
စက်ရုံအလုပ်သမားများ၏ အခြေခံ လစာ ၈ ထောင်ကျပ်သာ ရရှိသဖြင့် မေ ၁၀ ရက်နေ့က အလုပ်သမားရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ကြားဝင် စေ့စပ်ညှိနှိုင်းပေးပြီး အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားရေး သဘာတူ စာချုပ်သစ်ကို အခြေခံ လစာ ၃ သောင်းကျပ်ဖြင့် ချုပ်ဆိုခဲ့ကြောင်း၊ သို့ရာတွင် စက်ရုံဘက်က ကတိ ချိုးဖောက်ပြီး ယနေ့အထိ စာချုပ်သစ်ကို ခံစားခွင့် မရသေးကြောင်း သူက ရှင်းပြသည်။
“ကျပ် ၃ သောင်းကို ကျေကျေနပ်နပ်နဲ့ ပေးပြီးတော့မှ သူတို့ဘက်က စာချုပ်ကို ဖောက်ဖျက်တယ်။ နောက်တခါ ပြန်ရှင်းပေးတဲ့အချိန်မှာ ဒီစက်ရုံက ကိုရီးယားပိုင်စက်ရုံဖြစ်သွားပြီ၊ အဲဒီတော့ လူသစ်၊ စိတ်သစ်၊ မန်နေဂျာအသစ်နဲ့ အစစအရာရာ အသစ်လို့ သဘောထားပြီးတော့ ၁ သောင်းခွဲပဲ ယူဖို့ ဦးဝင်းရှိန်ကိုယ်တိုင်က စာချုပ်ကို ပြန်ချုပ် ခိုင်းတယ်” ဟု မလင်းလက်ခင်က ဆိုသည်။
ယခုကဲ့သို့ လာရောက်ဖြေရှင်း ပေးသော်လည်း မပြေမလည် ဖြစ်နေရခြင်းသည် အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများဘက်က ရပ်တည်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။
လွန်ခဲ့သည့် ၁ လကျော်က စတင်ပြီး လုပ်အားခ အခြေခံလစာအပေါ် အကြောင်းပြု၍ စက်မှုဇုန်များ၌ အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်လာရာ ဆန္ဒပြ အလုပ်သမား စုစုပေါင်း ၁ သိန်းနီးပါးအထိ ရှိနိုင်ကြောင်း၊ မပြေလည်မှုများ နောက်ကွယ်တွင် ဆန္ဒပြ အလုပ်သမားများ၏ စားသောက်ရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း မမာမာဦးက ဆိုသည်။
“စက်ရုံတရုံ၊ တရုံကို အလုပ်သမားက အနည်းဆုံး ၁ ထောင်၊ ၂ ထောင်ရှိတာ။ ဆန္ဒပြတာလည်း အကုန်နီးပါး စက်ရုံ အပြင်ထွက် ဆန္ဒပြကြတာ” ဟု သူက ပြောသည်။
ယမန့်နေ့ကလည်း ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင်၊ မြန်မာလူငယ်များ အစည်းအရုံးတို့က ဟိုင်မို စက်ရုံ၊ တော်ဝင်မြန်မာ၊ ဆန်နီ၊ မြန်မာဆန်နီ စက်ရုံတို့ရှိ အလုပ်သမားများကို အားပေးစကား သွားရောက် ပြောကြားခဲ့ပြီး အစားအစာ၊ ရေ စသည်များအား အလှူခံရသမှျှ ဝေမျှ ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
“အခု ဆန္ဒပြ အလုပ်သမားတွေမှာ ကျမတို့ စားရေးသောက်ရေးအတွက် အလှူခံပြီး ကျွေးမွေးနေတာဆိုတော့ ကျမတို့လည်း မနိုင်မနင်း လုပ်နေရတယ်။ လှူချင်တဲ့လူတွေလည်း ကူညီစေချင်ပါတယ်” ဟု မမာမာဦးက ပြောသည်။