ရခိုင်ပြည်နယ် အတွင်း အမျိုးသမီးတဦးအား အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံများကို သေဒဏ်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသ၌ အသက် ၂၆ နှစ်အရွယ်ရှိ မသီတာထွေးသည် မေလ ၂၈ ရက် ညနေ ၅ နာရီအချိန်က ကျောက်နီမော်ကျေးရွာမှ ၎င်း၏ ဇာတိရွာဖြစ်သည့် သပြေချောင်ရွာသို့ အပြန်လမ်း၌ အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊ လက်ဝတ်ရတနာ တချို့ကို လုယူခြင်း၊ သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ဒေသခံများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တရားခံများအား သေဒဏ်ပေးမည်ဟု ပြည်နယ်အစိုးရက ကတိပေးထား၍ သေဒဏ်ပေး၊ မပေးကို စောင့်ကြည့်ရန် ဒေသခံ ရပ်မိ ရပ်ဘများ၊ သံဃာတော်များ၊ ကျောင်းသား လူငယ်များ၊ အမျိုးသမီးများ ပါသည့် စောင်ကြည့်ရေး ကော်မတီ တရပ်ကို ယခု ရက်ပိုင်းတွင် ဖွဲ့စည်းသွားမည်ဟု ဒေသခံများက ပြောသည်။
မသီတာထွေး၏ ဈာပန အခမ်းအနားကို သေနတ် ၃ ချက်ဖောက်၍ ကျောက်နီမော် သုဿာန်၌ ယမန်နေ့က ကျင်းပ ခဲ့ကြောင်း၊ အခမ်းအနားသို့ ဒေသတဝိုက် ကျေးရွာအများအပြားမှ ကျောင်းသားလူငယ်များ၊ အမျိုးသမီးများပါဝင်သည့် ထောင်ချီသော လူအုပ်ကြီးသည် မသီတာထွေး၏ ဓာတ်ပုံများနှင့် “တာဝန်ကျ စခန်းမှူး ချက်ချင်း ဖြုတ်၊ တရားခံများ အား သေဒဏ်ပေး” ဟူသော ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ဈာပန အခမ်းအနားသို့ ပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် အစိုးရ အဖွဲ့ဝင် တချို့ တက်ရောက်ခဲ့ကြောင်း၊ တရားခံများအား သေဒဏ်ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထုကို ကတိပေးခဲ့ကြောင်း၊ တရားခံအား သေဒဏ်ပေးရေးနှင့် စခန်းမှူး ဖယ်ရှားပေးရေးကို ပြည်ထောင်စု အစိုးရထံလည်း တောင်းဆိုထားကြောင်း ဒေသ ခံများက ပြောသည်။
ထိုဒေသရှိ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိ၍ ဒေသခံ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ တိုင်ကြားသော်လည်း အာဏာပိုင်များက လာဘ်ပေး၊ လာဘ်ယူမှုများ ပြုလုပ်ကာ အလေးထားခြင်း၊ တာဝန်ယူဖြေရှင်းပေးခြင်း မရှိဟု သိရသည်။
“ရဲအုပ် သန်းလွင်ဆိုတဲ့ စခန်းမှူးကို တနယ်လုံးက သဘောမကျကြဘူး။ အမှုတခု တိုင်မယ်ဆိုရင်တောင် ငွေကိုအရင်တောင်း တယ်၊ ဟိုဘက်က ငွေပုံပေးရင် အမှုကိုဖျောက်ဖျက်တယ်။ ဒီလုပ်ရပ်တွေဟာ အခုလိုမျိုး အဖြစ်ဆိုးကြီး ဖြစ်ပေါ်ဖို့ လမ်းစတွေလိုဖြစ်သွားတာပေါ့” ဟု ဒေသခံ တဦးဖြစ်သည့် ဦးအောင်ဇံဝေက ဆိုသည်။
မသီတာထွေးသည် ကျောက်နီမော်၌ စက်ချုပ်သင်တန်း တက်နေသည့် အိမ်မှ မိမိရွာသို့ ပြန်ခြင်း ဖြစ်ကြောင်း၊ ပုံမှန် အိမ်ပြန် ရောက်ချိန် ရောက်မလာသည့်အတွက် မိဘဆွေမျိုးများက ကျောက်နီမော် ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း အလေးထားမှု မရှိခဲ့ကြောင်း သိရသည်။
“အိမ်ကိုအပြန် လူခြေပြတ်တဲ့ နေရာတခုမှာ ဖြစ်တာပါ။ အဓမ္မကျင့်ပြီးတော့ လည်ပင်းကို ဓားနဲ့လှီးထားတာ၊ တကိုယ်လုံးကို ဓားနဲ့ မွှန်းထားတာတွေ တွေ့ရပါတယ်” ဟု မျက်မြင် ဒေသခံ တဦးက ပြောသည်။
မသီတာထွေးသည် ယခင်က အဖော်များနှင့်သာ အိမ်ပြန်လေ့ရှိသော်လည်း ထိုနေ့က တယောက်တည်း ပြန်ခဲ့၍ ယခုကဲ့သို့ အသတ်ခံခဲ့ရကြောင်း သိရသည်။
ကျောက်နီမော်သည် ရမ်းဗြဲမြို့နယ်၏ မြို့နယ်ခွဲ ကျေးရွာကြီး တခုဖြစ်ပြီး တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ အစိုးရ စစ်တပ်တချို့တည် ရှိသည့် ဒေသ ဖြစ်သည်။ ကျောက်နီမော်၊ စံပြရပ်ကွက်၊ ကျောက်ထရံ၊ ရွာသာယာ စသည့်ကျေးရွာများ၌ အစ္စလမ် ဘာသာဝင် အများအပြား နေထိုင်ကြသည်။
ထိုဒေသ၌ တာဝန်ယူထားသည့် အာဏာပိုင်များသည် ပြစ်မှုကျူးလွန်သည့် တရားခံများအား တိုင်ကြားပါက လာဘ်ငွေယူကာ တရားခံ မဟုတ်သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
တရားခံ အစစ်များကို ပြည်သူ့ ရှေ့မှောက် ထုတ်ပြပေးရန် အတွက် ဒေသခံ ၇၀၀ ခန့်သည် ကျောက်နီမော် ရဲစခန်းအား ဝိုင်းဝန်း၍ဆန္ဒပြခြင်း၊ ရမ်းဗြဲမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက် ဆန္ဒပြခြင်းတို့အား မေလ ၃၀ ရက်နေ့က လုပ်ဆောင်ခဲ့ပြီး ကျေနပ်မှု မရှိသေးသည့် ဒေသခံ ရာချီသော လူအုပ်ကြီးသည်လည်း ကျောက်နီမော် ဆေးရုံ၊ ရဲစခန်း တဝိုက်၌ ယနေ့ နံနက်ပိုင်းအထိ နေရာယူထားဆဲ ဖြစ်ကြောင်း သိရသည်။
မသီတာထွေးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီထားသည့် တရားခံများသည် အစစ်အမှန် များဖြစ်ကြောင်း၊ ၎င်းတို့ ထံမှ မသီတာထွေး၏ လက်ဝတ်ရတနာ တချို့ုကို သိမ်းဆည်းရမိထားကြောင်း၊ ၎င်းတို့အား ယခုအခါ ကျောက်ဖြူမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
တရားများခံဟု ဖမ်းဆီးခံထားရသူများမှာ ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်) နှင့် လူယု (၂၁ နှစ်) တို့ဖြစ်ကြောင်း သိရသည်။