ထိုင်းနိုင်ငံသားများနှင့် အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ ဆုံခဲ့ပြီး ချလုံ ယူဘမ်ပရုန်းက ပြောကြားခဲ့ကြောင်း bangkokbiznews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘတ် ၃၀နဲ့ ဆေးကုသလို့ရတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ တနေ့ လုပ်အားခကို ထိုင်းနိုင်ငံသားတွေ ရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်”ဟု ချလုံ ယူဘမ်ပရုန်းက ပြောသည်။
လတ်တလော ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၈ သိန်းခန့်ရှိပြီး မှတ်ပုံ မတင်ရသေးသူ ၁ ဒဿမ ၂ သန်းကိုလည်း နှစ်နိုင်ငံ ပူးပေါင်း၍ နိုင်ငံသား စိစစ်ရေး ကိစ္စများ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာအလုပ်သမားများကို၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံသားများနှင့် အတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ ရရှိရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်း အစိုးရအနေနှင့် မြန်မာအလုပ်သမားများနှင့် စစ်ပြေး ဒုက္ခသည်များအား ကူညီဆောင်ရွက် ပေးနေမှုများကို ကျေးဇူတင်ကြောင်း bangkokbiznews သတင်း၌ ရေးသားသည်။
“ထိုင်းအစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်၊ ထိုင်းနိုင်ငံဟာ ငယ်ပေမယ့် ဒိန်းမတ်နိုင်ငံလို မချမ်းသာ ဘူး၊ ဒါပေမယ့် ဒုက္ခသည်တွေကိုတော့ အကောင်းဆုံး ဖြစ်အောင် ကူညီခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးရုံးသို့ ထပ်မံ သွားရောက်ခဲ့သည်။ မြန်မာ အလုပ်သမားများအား ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေး နေ သည့် အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလုပ်သမားများ နှင့် ဒုက္ခသည်များ အရေးကို ဆက်လက် ၍ ကြိုးစားလုပ်ဆောင်သွားမည်ဟု အလုပ်သမားများကို ထပ်မံပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။
“ကြိုးစားပါ့မယ်လို့ ပြောလို့ တချို့က အားရချင်မှ အားရမှာ၊ အခုချက်ချင်း လက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ၊ ဒါပေမယ့် ကတိတွေပေးပြီး ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး”ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ ခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပနေသည့် ၂၀၁၂ ခုနှစ် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လဒုက္ခ သည် စခန်းများသို့လည်း စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။