မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်မှ အလုပ်သမား ၅ သောင်းကျော်တို့သည် ၎င်းတို့ လုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၌ ယနေ့နံနက်မှ စတင်၍ ရက်ရှည် ဆန္ဒပြ တောင်းဆိုသွားကြမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်မှု ကုမ္ပဏီနှင့် ပူးပေါင်း၍ အကြီးစားလုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်လိုက်သောကြောင့် ကုမ္ပဏီနှင့် အချိုးကျ ခွဲဝေခံစားမှုရရှိခဲ့သည့် အလုပ်သမား ၂ သိန်းကျော် နစ်နာမှု ရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် အလုပ်သမားများက ပြောသည်။
သတ္ထုတွင်း ဝန်ကြီးဌာနမှ နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီကို ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသအတွင်း ရွှေတူးဖော် လုပ်ကိုင်ခွင့် ပေးခဲ့ပြီးသည့်နောက် အဆိုပါ ကုမ္ပဏီက ဦးဆောင်ပြီး မိတ်ဖက်ကုမ္ပဏီများ ထူထောင်ကာ အလုပ်သမားများအား အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခေါ်ယူ၍ အသေးစား ရွှေထုတ်လုပ်မှုဇုန် ၁ မှ ၁၀၀၀ အထိ လုပ်ပိုင်ခွင့်ပေးခဲ့သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မြေ ၆၁၀၀၅ ဧကတွင် ရွှေအသေးစား ထုတ်လုပ်မှုဇုန် ၁ မှ ၁၂ အတွင်း အလုပ်သမား ၂ သိန်းကျော်ကို လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း၊ လုပ်ငန်းဆောင်ရွက်ချိန် ၅ နှစ် သက်တမ်း သတ်မှတ်ကာ ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျခွဲယူရန် ကတိပြုထားခဲ့သော်လည်း လုပ်ငန်း စတင်ပြီး ၆ လ အကြာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် လုပ်ငန်းဆက်လုပ်မည်ဆိုကာ အလုပ်သမားများအား ရွှေတူးဖော်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ထိုသို့ ပိတ်ပင်လိုက်သည့်အတွက် အလုပ်သမားများ၏ အရင်းအနှီးများ ဆုံးရှုံးနစ်နာသည့်အပြင် မိသားစုများ၏ စားဝတ်နေရေး ခက်ခဲလျှက် ရှိကြောင်း၊ အလုပ်ရှင်များအား ပြန်လည်စေ့စပ် ညှိနှိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်မပေးကြောင်း အလုပ်သမားဆန္ဒပြပွဲတွင် ပါဝင်သူ ကိုအေးသိန်းက ပြောသည်။
ကုမ္ပဏီက မြေနေရာသာ ချပေးထားပြီး လိုအပ်သည့် စက်ပစ္စည်း အရင်းအနှီးများကို အလုပ်သမားများက အကုန်အကျခံ စိုက်ထုတ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြရာတွင် ရွှေလုပ်ကွက် အလုပ်သမားများ အနေဖြင့် လေးပေအင်း လုပ်ကွက်အား ယခင် ပုံစံအတိုင်း ပြန်လည် လုပ်ကိုင်ခွင့်ပေးရန်၊ ရွှေတောဇုန်အတွင်း တည်ရှိသည့်စက်များ ယခင်ပုံစံအတိုင်း ပြန်လည် လည်ပတ်ခွင့်ရရှိရန်နှင့် လက်ရှိလုပ်သားများ ယခင်ပုံစံအတိုင်း ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် ကုမ္ပဏီက ကူညီ ဖြေရှင်းပေးရန် စသည့်အချက်များကို တောင်းဆိုထားသည်ဟု ကိုအေးသိန်းက ဆိုသည်။
“ကျနော်တို့ အလုပ်သမားတွေ အလုပ်ပုံမှန် ပြန်လည် လုပ်ကိုင်ခွင့်ပေးဖို့ အဓိက တောင်းဆိုတာပါ။ သူတို့လိုချင်တဲ့ ရွှေဗြုန်း အချိုးစားကိုလည်း ကျနော်တို့က ပုံမှန်အတိုင်း ပေးနေမှာပါ။ ဒါကို လက်ခံတယ်။ အဓိက ကျနော်တို့ အလုပ်တွေကို ပြန်လည် လုပ်ခွင့်ပေးဖို့ လက်မခံမချင်း တောင်းဆိုသွားမယ်” ဟု ၎င်းက ဆက်ပြောသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဘက်ကလည်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အကြောင်းပြကာ ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းမှ အကြီးစားစီမံကိန်း အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း တရားဝင် စာထုတ်ထားသည်။
“ကုမ္ပဏီက ရွှေကြောတွေ မတွေ့ခင်တုန်းကတော့ ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို ညာခိုင်းတယ်။ ရွှေကြောတွေ့တော့ အလုပ်သမားတွေကို နှင်ထုတ်ပြီး သူတို့စက်ကြီးတွေနဲ့ လုပ်မယ်ဆိုတာ သက်သက် မတရားတာပဲ” ဟု ကိုအေးသိန်းက ပြောသည်။
အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီက ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသအတွင်းရှိ ရွှေတူးဖော်ရေး လုပ်သားများအား ဗြုန်းကြိတ်စက်နှင့် ရွှေသတ္တုတူးဖော်ခွင့်ကို မေလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းရန် တားမြစ်ခဲ့သည်။ ထိုသို့ တားမြစ်လိုက် သည့်အတွက် ရွှေတွင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်ရုံမက မှီခိုသူ မိသားစုဝင်များလည်း စားဝတ်နေရေး ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ရွှေလုပ်သားများသည် ဧပြီ ၂၇ ရက်နေ့က တကြိမ်၊ မေလ ၆ ရက်နေ့က တကြိမ် စုစုပေါင်း နှစ်ကြိမ်ဆန္ဒပြခဲ့ပြီး ဖြစ်သော်လည်း တစုံတရာ ထူးခြားမှုမရှိသည့်အတွက် ယနေ့မှစ၍ ရက်ရှည်ဆန္ဒပြမှု ပြုလုပ်သွားမည်ဟု သိရသည်။
ယင်းလုပ်ငန်းခွင်တွင် အလုပ်သမား ၂ သိန်းကျော် ရှိသည့်အတွက် ၎င်းတို့ကို မှီခိုနေထိုင်သော မိသားစုများ အပါအဝင် လူဦးရေ ၅ သိန်းနီးပါး စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားများက ပြောသည်။