ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ကွန်ဖရင့်တခုကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ယမန်နေ့ကပြုလုပ်သည်။
အဆိုပါကွန်ဖရင့်ကို Yangon Heritage Trust ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးပညာရှင်များဖြစ်သည့် ဖိလစ်ဒေးဗစ်၊ ဒေါက်တာ လှိုင်မော်ဦး၊ Jose Gomez Ibaneza, ဒေါက်တာ ကျော်လတ် စသည့်ပညာရှင်များ တက်ရောက် ဆွေးနွေးကြသည်။
ပညာရှင်များက မလေးရှားနိုင်ငံ ဂျော့တောင်းမြို့၊ အင်္ဂလန်နိုင်ငံ လီဗာပူး၊ လန်ဒန်၊ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်၊ စင်ကာပူတို့မှ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးများနှင့် နှိုင်းယှဉ်ပြောဆိုသွားသည်။
အဆိုပါ ကွန်ဖရင့်သို့ တက်ရောက်လာသည့် စိတ်ဝင်စားသူအများစုမှာ နိုင်ငံခြားသားများဖြစ်သည်ကို တွေ့ရသည်။
ကိုလိုနီခေတ် အစိုးရရုံးများ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မွတ်စလင်နှင့် ခရစ်ယာန် ရှေးဟောင်း ဘုရားကျောင်းများ အပါအဝင် ရှေးဟောင်း စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လည်းပါဝင်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ကိုလိုနီခေတ် အဆောက်အအုံများမှာ ၂၀၀ ခန့်ရှိကြောင်း၊ အစိုးရပိုင် ရှေးဟောင်း ရုံးအဆောက်အဦးများ ပြုပြင်ထိန်းသိမ်းရေး စတင်နေပြီ ဖြစ်သော်လည်း ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အဦး ထိန်းသိမ်းရေးကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။
အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မီမီသိန်းက “အရင်ကတော့ ရွှေတိဂုံဘုရားကို ရှေးဟောင်းလို့ ထင်တယ်။ အခုဆို တရုတ်တန်းကအစ ရှေးဟောင်းအမွေအနှစ်လို့ မြင်လာပြီ။ လူတွေနေထိုင်မှု၊ ဈေးဆိုင်တွေ၊ အဆောက်အဦးတွေ၊ ဘုံကျောင်းတွေကိုပါ ထည့်သွင်းစဉ်းစားလာပြီ” ဟု ဆိုသည်။
လတ်တလောတွင်မူ နိုင်ငံပိုင် အဆောက်အအုံများကိုသာ ဦးစားပေး ထိန်းသိမ်းသွားမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍကိုလည်း တဖြည်းဖြည်းချင် းပြုလုပ်သွားမည်ဟု သိရသည်။
ယခုအခါ ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံ အများစုကို ဖျက်ကာ အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်နေသည်ကို တွေ့ရသည်။
ရန်ကုန်မြို့ တရုတ်တန်းဟု လူသိများသည့် ၁၉ လမ်း၊ လမ်း ၂၀၊ လသာ စသည့်လမ်းများတွင် ရှေးဟောင်း တရုတ်ဘုံကျောင်းများ၊ လူနေအဆောက်အဦးများ အများအပြား ရှိသော်လည်း ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့နေသည်။
ယခုအခါ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရှေးဟောင်းအဆောက်အအုံများကို နိုင်ငံခြားသားများက ငှားရမ်းပြုပြင်ပြီး ဘားဆိုင်များ အဖြစ် ပြောင်းလဲအသုံးချထားသည်ကို တွေ့ရသည်။
ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၏ သမိုင်းဝင် ရန်ကုန် တက္ကသိုလ် ပြုပြင်ထိန်းသိမ်းရေး မေးမြန်းမှုကိုမူ အသေးစိတ် ပြန်လည်ဖြေကြားခြင်းမရှိပေ။
မကြာသေးမီကလည်း ရန်ကုန်တက္ကသိုလ် တင်းနစ်ကွင်းများကို လာမည့် ဆီးဂိမ်းတွင် အသုံးပြုမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ကန့်ကွက်သည့် စာတစောင်ထုတ်ဝေခဲ့သေးသည်။