ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ရှိ အမှတ် (၁) သတ္တုတွင်းကို Asia World ကုမ္ပဏီက လွှဲပြောင်း ယူပြီးနောက် လုပ်ငန်းလည်ပတ်မှု နည်းပါးပြီး ဝန်ထမ်းများကို လစဉ် အလုပ်ထုတ်ပစ်နေသောကြောင့် သတ္တုတွင်းအလုပ်သမား ၃၀၀ ကျော် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
“အလုပ်သမားတွေက အချက် ၈ ချက် တောင်းဆိုထားတယ်။ မနေ့က မြို့နယ် အုပ်ချူပ်ရေးမှူး၊ ခရိုင်အလုပ်သမားညွှန်မှူးနဲ့ အလုပ်သမားခေါင်းဆောင်တွေ ညှိကြတယ်။ ကုမ္ပဏီဖက်က ဘယ်သူမှမလာဘူး။ ဒါကြောင့်ဒီနေ့လည်း ဆန္ဒဆက်ပြနေတုန်းပဲ” ဟု သတ္တုတွင်း အုပ်ချုပ်ရေးမှူး ဦးမဲတူက ဧရာဝတီသို့ ပြောသည်။
အလုပ်သမားများ တောင်းဆိုထားသည့် အချက်များတွင် တောင်တန်းဒေသဖြစ်၍ အနိမ့်ဆုံးလစာ ကျပ် ၆ သောင်းခွဲပေးရန်၊ အချိန်ပိုကြေးပေးရန်၊ အလုပ်သမားများအတွက် ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂ နှစ်ကြာပြီဖြစ်၍ ဆရာဝန်ထားပေးရန်၊ ယခင်က လျှပ်စစ်မီး အခမဲ့ရခဲ့သော်လည်း Asia World က လွှဲယူပြီးနောက် မီးတာခတောင်းနေခြင်းကို ရပ်တန့်ရန်၊ လမ်းပြင်ပေးရန်၊ အလုပ်သမားများကို ထုတ်ပစ်မည့်အစား တခြား လုပ်ငန်း၊ ကုမ္ပဏီသို့ လွှဲပြောင်းခန့်ထားပေးရန်တို့ စသည်တို့ ပါဝင်သည်။
မေလ ၃၁ ရက်နေ့မနက် ၆ နာရီခွဲမှ ယနေ့အထိ ဆန္ဒပြနေကြကြောင်း၊ အလုပ်ဖြုတ်ခံထားရသော ဝန်ထမ်းများရော အလုပ်မှ ဝန်ထမ်းများပါ ဘော်တွင်း ဝန်ထမ်းရေးရာရုံးရှေ့တွင် ဆန္ဒပြနေကြနေခြင်းဖြစ်ကြောင်း သိရသည်။
သတ္တုတွင်း ဝန်ထမ်းတဦးဖြစ်သူ ဒေါ်ဂျေနီက “ မျိုးရိုးစဉ်ဆက် သတ္တုတွင်းဝန်ထမ်းပဲ လုပ်လာကြတာလေ။ ဒီမှာက အခုလို အလုပ်ဖြုတ်လိုက်တော့ မိဘတွေ ပိုက်ဆံမရှိကြတော့လို့ ဒီဘော်တွင်းက ကျားစခန်း မူလတန်းကျောင်းမှာဆို မနေ့က ကျောင်းဖွင့်ရက်မှာ ကျောင်းမအပ်နိုင်လို့ ကျောင်းသားတွေ တယောက်မှ ကျောင်းလာမတက်ကြဘူး” ဟု ပြောသည်။
ဆန္ဒပြမူနှင့်ပတ်သတ်၍ နမ္မတူမြို့မှ Asia World ကုမ္ပဏီကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားသည်။
သတ္တုတွင်း ဝန်ထမ်းဟောင်းဖြစ်သူ ဦးဇော်က “Asia World က တရုတ်နိင်ငံကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ သတ္တုတွင်းက ဝန်ထမ်းတွေကို ငှားထားတာ။ အခု KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) က လမ်းပိတ်ထားတော့ ဒီစီမံကိန်းက ရပ်ထားရတာ။ ဒီဝန်ထမ်းတွေကို ကုမ္ပဏီက ပြန်လက်မခံဘဲ ဖြုတ်ပစ်လိုက်တယ်” ဟု ပြောသည်။
Asia World ကုမ္ပဏီသည် အမှတ် (၁) သတ္တုတွင်းကို ၂၀၁၀ ပြည်နှစ်တွင် တရားဝင်လွှဲပြောင်းယူခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ပြင်ဆင်ဆဲကာလဟု ဆိုကာ အလုပ်များ ရပ်ဆိုင်းထားခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် လုပ်ငန်း ပြန်လည် စတင်လည်ပတ်သည်။
အစိုးရထံမှာ လွှဲပြောင်းယူစဉ် ဝန်ထမ်း ၂၅၀၀ ကျော်ပါခဲ့သော်လည်း ဝန်ထမ်းအင်အား လျှော့ချခဲ့ရာ ဝန်ထမ်း ၁၀၀၀ ကျော် အလုပ်ပြုတ်ခဲ့ကြောင်း၊ ယခုအခါ ဝန်ထမ်းအင်အား ၅၀၀ ခန့်သာ ထားမည်ဟု သတင်းထွက်ပေါ်နေကြောင်း၊ ဝန်ထမ်းများ၏ တောင်းဆိုချက် မပြေလည်ပါက ပြည်ထောင်စုလွှတ်တော်အထိ တင်ပြမည် ဖြစ်ကြောင်း သိရသည်။