မြန်မာ့ခရီးသွားလုပ်ငန်းက စီစဉ်ထားသည့် ပုဂံ ဟိုတယ်ဇုန် အသစ် စီမံကိန်းကို ပုဂံမြို့ ရှေးဟောင်းသုတေသန ဌာနနှင့် ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်တို့က ကန့်ကွက်စာ တင်ထားကြောင်း သတင်းရရှိသည်။
ဟိုတယ်ဇုန် တည်ဆောက်မည့်နေရာမှာ တူးရွင်းတောင်ခြေ မြောက်ဘက်ဖြစ်ပြီး မြေဧက ၁၂၀၀ အကျယ်အဝန်းရှိကြောင်း၊ ဒေသခံ လယ်သမား ၂၇၀ ၏ လယ်မြေများ ပါဝင်နေသည့်အပြင်၊ ရှေးဟောင်းအဆောက်အအုံနှင့် မတူးဖော်ရသေးသော ရှေးကုန်းဟောင်းများ ရှိနေကြောင်း သိရသည်။
“ဟိုတယ်ဇုန်လုပ်မယ်လို့ သူတို့တွေ စီမံနေတာသိတယ်။ အဲဒါကြောင့် ဒီနေရာတွေကို ကွင်းဆင်း စစ်ဆေးပြီးတော့ ကန့်ကွက်စာ တင်လိုက်တာပါ။ ညွှန်မှူးချုပ်ရုံးမှာ စာတင်ထားပါတယ်။ ဝန်ကြီးဌာနအချင်းချင်း စကားပြောကြပါလိမ့်မယ်” ဟု ပုဂံမြို့ ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်က ဧရာဝတီသို့ ပြောသည်။
ကန့်ကွက်စာကို မေလ ၂၂ ရက်နေ့က တင်ထားပြီး ယနေ့အထိ ညှိနှိုင်းဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်ကို တူရွင်းတောင် အရှေ့ဘက်၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းမ အရှေ့ဘက် တောင်ခြေချောင်းနားတွင် ပြောင်းရွှေ့အကောင်အထည်ဖော်ရန် ကန့်ကွက်စာထဲတွင် အကြံပြုထားကြောင်း သိရသည်။
ပုဂံ ဟိုတယ်ဇုန်အသင်း အတွင်းရေးမှူး ဦးဇော်ဝိတ်က “မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒီဇုန်ဆောက်ဖို့ကို သဘောတူကြောင်း တရားဝင် စာထွက်ပြီးပြီ။ ဒီနေရာက ရှေးဟောင်းသုတေသနရဲ့ Monument Zone ထဲမှာ မပါပါဘူး။ Production Zone ထဲမှာ ပါနေတာကို သူတို့က တမင်လိုက်ကပ်နေတာဗျ။ လယ်မြေတွေပါတယ် ဆိုတာကလည်း သူတို့နဲ့ ဘာဆိုင်လို့တုန်း။ မြေစာရင်းနဲ့ပဲဆိုင်တာ” ဟု ပြောသည်။
ပုဂံတွင် ခရီးသွားဧည့်သည်များလာသဖြင့် ဟိုတယ်မလုံလောက်သောကြောင့် ၂၀၁၀ ဒီဇင်ဘာတွင် မြန်မာ့ခရီးသွားလုပ်ငန်းက ယခုမြေနေရာတွင် ဟိုတယ်ဇုန် ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူး၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနဌာန ကိုယ်စားလှယ်၊ ဟိုတယ်ခရီးမှ ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြေစာရင်းမှူးတို့က ယခုနေရာကို ကွင်းဆင်းစစ်ဆေးကာ ဟိုတယ်ဇုန် စီမံကိန်းကို ထိုစဉ်ကလည်း ကန့်ကွက်ခဲ့ဖူးကြောင်းလည်း သိရသည်။
ပုဂံ ဟိုတယ်ဇုန် စီမံကိန်းအတွက် အကူအညီပေးနေသည့် မန္တလေး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြအောင်က “ပုဂံဟိုတယ်ဇုန်ကတော့ မြေပုံထုတ်ဖို့ပဲ ကျန်တော့တယ် ပြောတယ်။ မြေစာရင်းတိုင်း ဦးစီးမှူးကိုလည်း အကူအညီ တောင်းထားပါတယ်။ ရှေးဟောင်းသုတေသနနဲ့ ညှိနေပါတယ်” ဟု ပြောသည်။
ပုဂံမြို့နှင့် ညောင်ဦးမြို့ နှစ်မြို့အကြား မြေနေရာလွတ်များနှင့် ပုဂံမြို့တွင်းတို့တွင် တည်းခိုခန်းများ တည်ဆောက်ခွင့်ကို အစိုးရက ခွင့်ပြုပေးပါက ဟိုတယ်ဇုန်သစ် ပြဿနာနှင့် ခရီသွားများ တည်းခိုခန်း မလုံလောက်မှု ပြဿနာကို လတ်တလော ဖြေရှင်းနိုင်ဖြစ်ကြောင်း ဦးဇော်ဝိတ်က ဆိုသည်။