နှစ် ၂၀ ကျော်အတွင်း ပြည်ပခရီးစဉ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးသည် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှု အများဆုံး ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သတင်းမီဒီယာများနှင့် ဆက်ဆံရေး အဆင်မပြေကြောင်း ဝေဖန်ခံနေရသည်။
ယင်းသို့ဝေဖန်မှုကို အမေရိကန် ထိပ်တန်းသတင်းစာ နယူးယောက်တိုင်းမ်၏ သတင်းထောက် သောမတ်စ်ဖူလာက စတင်ဖော်ထုတ် ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် ကြိုတင်ပြင်ဆင်မှုသည် “စိတ်ကူးပေါက်သလို လုပ်နေပုံ ပေါ်” ကြောင်း သူက ရေးသားခဲ့သည်။
ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော အခြား နိုင်ငံတကာ ခေါင်းဆောင်များ၊ ပညာရှင်များ၊ သံတမန်များ၊ အခြား ဧည့်သည်တော်များထက် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို အများဆုံး ဖမ်းစားထားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်လာပုံမှာ လျှို့ဝှက်သိုသိပ်လွန်းနေသည်။ သတင်းဌာနများကို ခရီးစဉ်နှင့်ပတ်သက်ပြီး ဘာမျှ အတည်ပြုပြောဆိုနိုင်ခြင်း မရှိခဲ့ချေ။
NLD ၏ ပူးပေါင်းဆောင်ရွက်မှု ညံ့ရခြင်းနှင့်ပတ်သက်၍ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ခေတ်ပေါ်ဆက်သွယ်ရေးစနစ်များနှင့် အလှမ်းဝေးသောကြောင့်ဟု ပြောသည်။
“နိုင်ငံတကာ မီဒီယာတွေ နားလည်ကြဖို့ ကျနော်တို့မျှော်လင့်ပါတယ်။ ကျနော်တို့မှာ High-tech gadget ဘာပစ္စည်းတခုမှ မရှိပါဘူး။ ဌာနချုပ်အနေနဲ့လည်း ထိုင်းရောက်နေသူတွေနဲ့ အဆက်အသွယ်တောင် မလုပ်နိုင်ပါဘူး။ ကျနော်တို့ နောက်ခရီးစဉ်တွေဆို ဒီလို မဖြစ်ရအောင် လုပ်ဖို့လိုပါမယ်” ဟု ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံ နယ်စပ် ခရီးစဉ်သတင်းအသေးစိပ် နှင့်ပတ်သက်၍လည်း သတင်းထောက်များ စိတ်ရှုပ်ကြရသည်။ NLD ဌာနချုပ်မှ ဦးခွန်သာမြင့် ကြိုတင်ရောက်လာပြီး ခရီးစဉ်ကို ပြင်ဆင်ခဲ့သော်လည်း သတင်းဌာနများကို မည်သည့် ထင်မြင်ချက်မျှ မပေးနိုင်ခဲ့ပေ။
ဦးအုန်းကြိုင်၏အဆိုအရ မည်သည့် ပြန်ကြားရေးအဖွဲ့ဝင်မျှ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် မပါဝင်ကြောင်း၊ ပါတီထိပ်တန်း ခေါင်းဆောင်များပင်လျင် ခရီးစဉ်ကို မည်သို့ စီစဉ်ထားသည်ကို မသိကြောင်း သိရသည်။
မီဒီယာများ စိတ်ကသိကအောက်ဖြစ်ရသည်မှာ ယခုအကြိမ် ပထမဆုံး မဟုတ်ကြောင်း၊ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့်လက တွေ့ဆုံရာတွင်လည်း လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ မီဒီယာများကို ဖိတ်ကြားခဲ့သဖြင့် မဖိတ်ကြားခံရသော မီဒီယာများနှင့် NLD အကြား ဆက်ဆံရေး တန်းသွားခဲ့ကြောင်း၊ ယင်းမှာ NLD က ဆုံးဖြတ်ခြင်း မဟုတ်၊ တောင်ကိုရီးယားနှင့် မြန်မာအစိုးရ၏ စီမံချက် ဖြစ်ကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။
မေလ ပထမပတ်ထဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တဦးက ပိတ်ပင်သည့်ကြားမှ ဓာတ်ပုံရိုက်ရန် ကြိုးစားသော သတင်းထောက်တဦးကို ခြိမ်းခြောက်ပြောဆိုသောကြောင့် မီဒီယာအပေါ်ထားရှိသော NLD ၏ သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသေးသည်။
လူအများက လေးစားသော NLD ထိပ်တန်းခေါင်းဆောင် သတင်းစာဆရာကြီး ဦးဝင်းတင်က မီဒီယာများနှင့် ပါတီ ဆက်ဆံရေး မကောင်းဟု ဝေဖန်ချက်ကို သဘောတူကြောင်း ပြောသည်။ မကြာသေးခင်က ဗီအိုအေနှင့် အမေးအဖြေလုပ်ရာတွင် ဦးဝင်းတင်က မီဒီယာကို ရန်သူအဖြစ် မကြည့်ရန်၊ ကောင်းမွန်စွာ ဆက်ဆံရန် ပါတီဝင်များကို သတိပေးနေရသည်ဟု ပြောဆိုသွားသည်။
“NLD ဟာ ဝေဖန်ရေးကို လက်ခံရမယ်။ ဝေဖန်ချက်ကို သုံးသပ်ရမယ်။ ဝေဖန်ရေးဟာ NLD ကို တိုးတက်စေဖို့ဆိုရင် ဒါကို လျစ်လျူရှုလို့ မရဘူး” ဟု ဝါရင့် သတင်းစာဆရာ ဦးဝံသကလည်း ဧရာဝတီကို ပြောဆိုသည်။
ဦးဝင်းတင်က ပိုပြတ်သည်။ ဒီမိုကရေစီ ပို အားကောင်းချင်ပါက “မီဒီယာတွေ NLD ကို ဝေဖန်ရမယ်” NLD ဘာမှားလဲ ထောက်ပြရမယ် ဟု ပြောဆိုသွားသည်။